MNP ၊ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စေတီ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကညင်တောရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ များကို ကျောင်းသား/ကျောင်းသူများ သိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်က ကလေးသူငယ်များ သက်ငယ်မုဒိမ်း ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော ကြသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ကျောင်းသား/ ကျောင်းသူများအား ဆွေးနွေး ပြောကြားပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment