ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ






MNP ၊  ဩဂုတ်  ၁၂

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ြဖစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်း လုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )နှင့် အမှတ်(၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများမှ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးအေးသန်းက နိုင်ငံတကာတွင် ယာဉ်မောင်းများ မောင်းနှင်နေသည့် အခြေအနေ၊ ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာ ပြင်ဆင်ပြောင်းလဲရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ယာဉ်မောင်းကောင်းတစ်ယောက် ဖြစ်လာစေရေး လုပ်ဆောင်ရန်အချက်များ၊ ယာဉ်မောင်းများအနေဖြင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာ သည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန် သိရှိလိုက်နာသင့်သည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရ သည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်ပြီး အရေးယူနိုင်သည့် ရာဇသတ် ကြီးပုဒ်မများ၊ YBSယာဉ်မောင်းများ အများဆုံး စည်းကမ်းဖောက်ဖျက်လေ့ရှိသည့် ပြစ်မှုများအပေါ် သုံးသပ် ပြီး လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းဆိုင်ရာ မဖြစ်မနေ လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ 


ထို့နောက် တက်ရောက်လာကြသော YBSယာဉ်မောင်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။


“ ဒီဆွေးနွေးပွဲကနေ ကိုယ်မသိသေးတဲ့ ယာဉ်လမ်းအန္တရာယ်နှင့် ပတ်သက်ပြီး အတွေ့အကြုံတွေ၊ ဗဟုသုတတွေ များစွာရရှိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေအပေါ်မှာလည်း ဆွေးနွေးရင်းကနေ အသေးစိတ် ထပ်မံသိရှိခွင့်ရတဲ့အတွက် များစွာအကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောချင်ပါတယ်။ နောက် တစ်ခုက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလို့ပြောတဲ့နေရာမှာ ကျွန်တော်တို့ ယာဉ်မောင်းတဲ့သူတွေက ယာဉ် စည်းကမ်းကို တိတိကျကျ လိုက်နာရုံနဲ့ မရပါဘူး။ လမ်းအသုံးပြုသူတွေ အားလုံးကလည်း လမ်းစည်းကမ်းကို တိတိကျကျ လိုက်နာမှသာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာနိုင် မှာပါ ” ဟု YBS ယာဉ်မောင်းတစ်ဦးက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းပြီး  တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )အနေဖြင့်လည်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေကို ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ မြို့တွင်းဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်လာစေရေးအတွက် YBS ယာဉ်လိုင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စစ်ဆေးအရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)