ပေကျင်း၊ ဩဂုတ် ၂၀
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonnaနှင့် ဩဂုတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်-ပြင်သစ် ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်ကို ထိန်းထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဧပြီလက သမ္မတ မက်ခရွန်၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်သည် အပြည့်အဝ အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နက်ရှိုင်းသော မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အနာဂတ်အစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့် ဖြစ်သလို တရုတ်-ပြင်သစ် ယဉ်ကျေးမှု ခရီးသွားနှစ်နှင့် ပဲရစ်၏ “အိုလံပစ်နှစ်”လည်း ဖြစ်ကြောင်း ၊ ယခုလိုအခွင့်အခါကောင်းတွင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန်၊ ကဏ္ဍစုံ အလွှာစုံ ဆက်ဆံရေးကို ဘက်စုံ ပြန်လည်စတင်ရန် ၊ ကပ်ရောဂါတွင် ထိခိုက်ခဲ့သည့် ဆုံးရှုံးမှုများကို ပြန်လည် ဖြည့်ဆည်းရန်၊ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ ရောက်ရှိစေရန် တွန်းအားပေးဆောင်ရွက် သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဥရောပအပေါ် ထားရှိသော မူဝါဒသည် တည်ငြိမ်မှုနှင့်စဉ်ဆက်မပြတ်မှု ရှိကြောင်း၊ မိမိတို့အနေဖြင့် ဥရောပကို ဗဟုအသွင်ပြောင်းကမ္ဘာကြီးတွင် အရေးကြီးသည့် အင်အားစုအဖြစ် အစဉ်အမြဲ ရှုမြင်ကြောင်း၊ ပြင်သစ်နိုင်ငံ က ဥရောပသမဂ္ဂ(EU) မဟာဗျူဟာ ကိုယ်ပိုင်ရှိခွင့်ကို တွန်းအားပေးခြင်း၊ တရုတ်-ဥရောပ ဆက်ဆံရေးတွင် အပြုသဘော ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံအားပေးပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Catherine Colonnaက တရုတ်နိုင်ငံတွင် မကြာမီကာလက ရေဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့်အပေါ် စိတ်ရင်းစေတနာအမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ၊ ပြင်သစ်နှင့်ဥရောပသည် မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုကို လက်ကိုင်ထားမည် ဖြစ်ပြီး ကမ္ဘာကြီး အစိတ်စိတ် အမြွှာမြွှာကွဲထွက်မည်ကို ဆန့်ကျင်ကြောင်း၊ “ကွင်းဆက် ဖြတ်တောက်မှု”များကို လက်မခံကြောင်း၊ ဗဟုအသွင်ရှိမှု၊ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုရှိသော ကမ္ဘာကို တည်ဆောက်စေလိုကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် ပြင်သစ်-တရုတ် ချစ်ကြည်ရေးကို တန်ဖိုးကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များရရှိပြီးသော အရေးကြီးသဘောတူညီချက်များကို အထူးအလေးထားပါကြောင်း ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့် အခွင့်အခါကောင်းတွင် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော၊ ဘုံအကျိုးရှိသော နှစ်ဖက်ဆက်ဆံရေးကို တည်ဆောက်သွားလိုကြောင်း ၊ ဥရောပ-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် တွန်းအားပေး၍ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်၊
နှစ်ဖက်ဆွေးနွေးမှုတွင် ယူကရိန်းအရေး၊ နိုင်ဂျာအရေး စသည့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
Ref - (Xinhua)
#MyanmarNationalPost

No comments:
Post a Comment