နွားထိုးကြီးမြို့နယ်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်လိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့နယ်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်လိုက်ကြပြန်ပြီ



MNP ၊ သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ၊ ဒေါ်မိုး(အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ)၊ ဦးရဲမြင့် နှင့် ဒေါ်အေးခိုင် တို့ကို ယမန်နေ့ည ၉နာရီဝန်းကျင်ခန့်က NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံအကြမ်းဖက် သမားများက အစုလိုက်အပြုံလိုက် လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

သတင်းရရှိသဖြင့် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် အခင်းဖြစ်နေရာနှင့် အနီးပတ် ဝန်းကျင်တို့အား သွားရောက်၍ ရှင်းလင်းရာ ဦးအုန်းဖေ တွင် ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်ဖမိုး ဖောက်ဝင်/ထွက် ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဒေါ်မိုး တွင် လည်ပင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ချိုင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက်ဝဲဘက်ခြမ်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့်လည်းကောင်း၊ ဦးရဲမြင့် တွင် ဦးခေါင်းကြေမွ/ပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဒေါ်အေးခိုင်တွင် ယာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ဝဲဘက် ခြမ်းပွင့်ထွက်ဒဏ်ရာ ၁ ချက်) တို့ဖြင့်လည်းကောင်း လဲကျသေဆုံးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရာ ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက်သမား ၈ ဦးခန့်က ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး မင်းရွာ အထက်တန်းကျောင်း၊ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် ၂ ဆောင်နှင့် ဆရာ/ဆရာမ နားနေဆောင် အဆောင် ၁ ဆောင်တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းရွာကျေးရွာနေ ဒေါ်မိုး၊ ဦးရဲမြင့်၊ ဦးအုန်းဖေ၊ ဒေါ်အေးခိုင်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့်  မင်းရွာကျေးရွာ၊ အထက်တန်းကျောင်းဝန်း အတွင်းရှိ အလျား ၈၆ပေ၊ အနံ ၂၇ပေ၊ အမြင့် ၁၁ ပေ ရှိ သွပ်မိုး၊ ထရံကာ စာသင်ဆောင် ၁ ဆောင်နှင့် အလျား ၆၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၁ ပေရှိ သွပ်မိုး၊ အုတ်စီနံကပ် စာသင်ဆောင်မှ ပြတင်း ပေါက်တံခါးရွက်တို့ မီးလောင်ပျက်စီးခဲ့ရသည်။


အဆိုပါ သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် သယ်ယူလာခဲ့ရာ လူမှုကူညီရေးယာဉ်နှင့် လုံခြုံရေးအဖွဲ့များစီးလာသည့် ယာဉ်တို့သည် အခင်းဖြစ်ကျေးရွာမှ နွားထိုးကြီးမြို့သို့ ထွက်ခွာလာစဉ် နွားထိုးကြီးမြို့၏ အနောက်ဘက် ၁ မိုင် ခွဲခန့်အကွာတွင် PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ရှင်းလင်းပစ်ခတ်ရာ အကြမ်း ဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး စိုးရိမ်ရဒဏ်ရာနှင့် ၃ ဦး မစိုးရိမ်ရဒဏ်ရာ များရရှိခဲ့ပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)