MNP ၊ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို ဖမ်းဆီးရမိခဲ့ပြီး နောင်ချိုမြို့နယ်တွင်လည်း စိတ်ပြောင်းမူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ခွန်တင်ထွန်း(ခ)ခွန်ဧပရယ် မောင်းနှင်ပြီး ခွန်စိုးထိုက် လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ ဘလောက်တုံးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ ၁၅ ၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မကျည်းရေးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟုန်ကျင်ဟုန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၅.၀၅ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟုန်ကျင်ဟုန် (၂၄)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အတူ စက်တင်ဘာလ ၂၂ ရက်နေ့ ၁၄ ၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးတွင် ပေါ်ရွှင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင် လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပေါ်ရွှင်(၄၈)နှစ်အား သပိတ်ကျင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment