ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ပြည်ထောင်စုရန်ပုံငွေဖြင့် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ပြည်ထောင်စုရန်ပုံငွေဖြင့် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP ၊  စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်သွားလာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတားတစ်စင်း အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများလိုက်ပါ၍ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ၁၉၆ ဒသမ ၄၀ သန်းဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် ဒေသခံပြည်သူများ ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာသွားလာနိုင်ရန် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်နေမှုလုပ်ငန်း (၃၅)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုလုပ်ငန်းနှင့်စပ်လျဉ်းပြီး ဒေသခံပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိသည့် အရှည်ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် သုခစုလျှံကုမ္ပဏီက ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး တာဝန်ယူတည်ဆောက်ခဲ့ရာ လက်ရှိတွင် တံတားဆောက်ပြီးစီးမှု ၃၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ၊ ရွှေလှေကျေးရွာ ၊ ထနောင်းကုန်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အဆင်ပြေစွာ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင် က ပြောသည်။  


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)