MNP ၊ စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈးနှုန်းဖြင့် စတင်ရောင်းချပေးခဲ့ရာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ယခင်(-အခွန်လွတ်ဈေးဟောင်း)နေရာတွင် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဟင်းသီးဟင်းရွက်များအား စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအထိ ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ လွတ်လပ်စွာ ဝယ်ယူလျက်ရှိသည်။
သက်သာဈေးနှုန်းဖြင့် ရောင်းချခြင်းကို တစ်ပတ်လျှင် (အင်္ဂါ ၊ သောကြာ) နေ့များ၌ ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါသက်သာဈေးစတင်ရောင်းချနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စားသောက်ကုန်ပစ္စည်းများ ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် မြို့နယ်သက်သာဈေး ဖွင့်လှစ်ရောင်းချနိုင်ရေးကော်မတီဖွဲ့စည်း၍ မြို့နယ်အတွင်းရှိ ဆန်ကုန်သည် ဆီကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment