MNP ၊ စက်တင်ဘာ ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင်ရောက်ရှိရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နိုဗိုစီဗစ်မြို့မှ မော်စကိုမြို့သို့ထွက်ခွာရာ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံးဝန်ထမ်းများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာနနှင့် တတိယအာရှရေးရာဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည်မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ယမန်နေ့က မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်ဒရေးရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းအချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့်ခိုင်မာစွာ ထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ရုရှားနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မိုခါဆိုင်ကလုန်းသင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို ပေးပို့ခဲ့ခြင်းတို့အတွက် မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါနေ့လယ်စာစားပွဲ၌ သက်ဆိုင်ရာ နိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့် ဘုံစိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ်အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့မှ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment