စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ် ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ် ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်



MNP ၊  စက်တင်ဘာ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်း ရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်ုဈေးနှုန်း တည်ငြိမ်ရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆီကုန်သည်အသင်းမှ တာဝန်ရှိများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ဆန်၊ ဆီ ဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးနေသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအများစုအတွက် လိုအပ်သည့်စားအုန်းဆီများ အား ပြည်သူလူထုစားသုံးရန် စိစစ်ပြီး မှာယူဆောင်ရွက်လျက်ရှိကာ ရရှိလာသည့် စားအုန်းဆီ များအား ပြည်သူများထံသို့ သက်မှတ်ဈေးနှုန်းထက် မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချ ပေးနိုင်ရေး စားအုန်းဆီကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် စားအုန်းဆီများအား ခွဲဝေလျာထားပေးသည့်အတိုင်း မှန်မှန်ကန်ကန်နှင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးအပြည့်အဝ ရောင်းချပေး သွားကြရန် လိုအပ်ပါကြောင်း၊ စားအုန်းဆီများအား မသမာသူ လုပ်ငန်းရှင်များအချို့မှ ဓာတုကုန်ကြမ်းများ ရောစပ်၍ ပဲဆီ၊ နှမ်းဆီ အတု ပြုလုပ်ရောင်းချ နေမှုများ မရှိစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံလူတန်းစားများအတွက် အထောက်အကူပြုစေမည့် တန်ဖိုးသင့်အခြေခံစားသောက်ကုန် များအား အပတ်စဉ်ရောင်းချပေးလျက် ရှိပါကြောင်းနှင့် တာဝန်ရှိသူများမှလည်း လုပ်ငန်းများ အပေါ် စေတနာထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီ ရောင်းချမှုနှင့် ကြီးကြပ်ဆောင်ရွက်နေမှု လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များမှ မိမိတို့ဆောင်ရွက်နေသည့် စားအုန်းဆီဝယ်ယူရရှိမှု၊ ဖြန့်ဖြူး ရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စားအုန်းဆီ များကို အမှန်တကယ်စားသုံးမည့် ပြည်သူများလက်ဝယ်ရောက်ရှိအောင် ရောင်းချမှု စနစ်တကျရှိရေး၊ ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချမှုမရှိစေရန် ကြီးကြပ်စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတုကုန်ကြမ်း ရောစပ်၍ စားအုန်းဆီ၊ ပဲဆီ၊ နှမ်းဆီအတုပြုများနှင့် ဓာတုကင်းလွတ် စားအုန်းဆီများ ခင်းကျင်းပြသထား ရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန် ရပ်ကွက်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ကဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး၊ အိမ်ခန်းများ စနစ်တကျခွဲဝေချထားရေးနှင့် အဆောက်အဦ များ ကြံ့ခိုင်မှုရှိစေရေး၊ အိမ်ရာဝန်းလုံခြုံမှုရှိစေရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှုထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ်နှင့် အရာထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)