MNP ၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်း အနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အနုပညာရှင်အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က “ကျွန်တော်တို့မြန်မာနိုင်ငံ သည် တိုင်းရင်းသားလူမျိုးများစုပေါင်းနေထိုင်ရာနိုင်ငံဖြစ်ပြီး လူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေး မှုများ ကိုယ်စီရှိကြပါကြောင်း၊ ၎င်းယဉ်ကျေးမှုများကို မတိမ်ကော၊ မပျောက်ပျက်စေရန် လူကြီးများမှ လူငယ်များသို့ လက်ဆင့်ကမ်းပြီး မျိုးဆက်သစ်လူငယ်များမှ ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် ခြင်းနှင့် အမိမြန်မာနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ပိုမိုထွန်းကားစေရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပေးခြင်းအားဖြင့် တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာ အနုပညာများကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးနိုင်သည့်အပြင် မိမိတို့ခရိုင်/မြို့နယ်များ အတွင်းမှ ရွက်ပုန်းသီး အနုပညာရှင်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိမိတို့မြို့နယ်၊ မိမိတို့ကျောင်းအား ဂုဏ်ပြုအတုယူဖွယ်ဖြစ်အောင်” ကြိုးစားယှဉ်ပြိုင် ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု၊ ငွေတံ ဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိခဲ့သည့် ကျောက်ဖြူမြို့နယ် မှ ကိုနေဇော်ညွန့်မှ “ကိုယ့်ရပ်ဌာနေ” သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ယင်းနောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ကျောက်ဖြူခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများမှ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ်သီချင်းအား အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၈)ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ် အထိ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၃)ဦး၊ အဆင့်မြင့်ကာကပေါ်သီချင်းအား အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၂)ဦး၊ ဝါသနာရှင်(ပထမတန်း)အဆင့်ပြိုင်ပွဲတွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်ပြိုင်ပွဲတွင် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၇)ဦး၊ အမျိုးဂုဏ်ဇာတိဂုဏ် အဆင့်မြင့် ပညာအဆင့်တွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ မဟာဂီတတွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂) ဦး၊ အဆင့်မြင့်တွင် အမျိုးသမီး(၁)ဦး၊ ဝါသနာရှင် ဒုတိယအဆင့်တွင် အမျိုးသား(၂)နှင့် အမျိုးသမီး(၂)ဦး တို့မှလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသား (၁)ဦး၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသား(၁)ဦးတို့မှလည်းကောင်း၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အမျိုးသမီး(၁)ဦးတို့မှလည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
ကျောက်ဖြူမြို့တွင် အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအား စက်တင်ဘာ(၇)ရက်နေ့မှ(၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဆုတံ ဆိပ်များအားပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ဆုရရှိကြသူများမှာလည်း ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment