မြန်မာ - ရုရှား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ အရ အကောင်အထည်ဖော်မည့်လုပ်ငန်းရပ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ရုရှား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ အရ အကောင်အထည်ဖော်မည့်လုပ်ငန်းရပ်များ ဆွေးနွေး



MNP ၊ စက်တင်ဘာ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ (၈)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကျင်းပနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်နှင့်တွေ့ဆုံ၍ ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) အရ အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များကို ဆွေးနွေးသည်။


တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာန၏ “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ပါမျှော်မှန်းချက်များနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများ၏ ဥပဒေရေးရာစွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်မွန်စေရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးလက်အောက်ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့ဖျားဥပဒေတက္ကသိုလ်သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား ပညာတော်သင်များ စေလွှတ်မည့်စီမံကိန်းဆိုင်ရာ ကိစ္စ၊ ဥပဒေရေးရာ သုတေသနပြုခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခြင်းများ၊ ပြစ်မှုဆိုင်ရာ နှင့်တရားမဆိုင်ရာအမှုများတွင် အီလက်ထရွန်နစ် သက်သေခံတင်သွင်းခြင်းဆိုင်ရာကိစ္စ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်းဆိုင်ရာကိစ္စ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး၊ တရားခံလွှဲပြောင်းရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဥပဒေများကို အပြန်အလှန်ပေးပို့လေ့လာခြင်း ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည်။


(၈)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum)တွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အခြေခံ အုတ်မြစ်အဖြစ် စီးပွားရေးလုပ်ငန်းများကိုကာကွယ်ရန် (Protected Business as a basis of Sustainable Economic Development) ခေါင်းစဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲတွင် Penalist Speaker အဖြစ် ဆွေးနွေးဟောပြောခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals (SDGs)) ကို ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ဆင်းရဲနွမ်းပါးမှုရပ်တန့်ရန်၊ ကမ္ဘာမြေကြီးကို ကာကွယ်ရန်၊ ၂၀၃၀ ပြည့်နှစ်တွင် လူသားများအားလုံး ငြိမ်းချမ်း၍ ချမ်းသာ ကြွယ်ဝခြင်းကို ခံစားနိုင်စေရေးအတွက် ချမှတ်ခဲ့ပါကြောင်း၊ ယင်း၏ ရည်မှန်းချက်ပန်းတိုင် ၈ သည် အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သောစီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်နှင့် သင့်လျော်သော အလုပ်များကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာခြင်း အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများအတိုင်း လမ်းညွှန်ထားခြင်းဖြစ်ကြောင်း။


ကမ္ဘာ့နိုင်ငံများအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သည့် စီးပွားရေးဖြစ်ရန်အတွက် ခိုင်မာသည့် ဥပဒေမူဘောင်များရှိရန် လိုအပ်ပါကြောင်း၊ ဥပဒေမူဘောင်များကို နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် ပြည်တွင်းဥပဒေမူဘောင်ဟူ၍ တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံတကာဥပဒေမူဘောင်အနေဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ သဘောတူညီချက်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံခြားအနုညာတဆုံးဖြတ်ချက် များကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (New York Convention) ကဲ့သို့သောအပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်များ ရှိပါကြောင်း၊ ဒေသဆိုင်ရာအဆင့်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက် ပဋိညာဉ်ပါပြဋ္ဌာန်းချက်များကို လိုက်နာလျက်ရှိပါကြောင်း၊ အာဆီယံတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်များ၊ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများတိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံစာချုပ် ကဲ့သို့သောစာချုပ်များကို တွေ့နိုင်ပါကြောင်း၊ ပြည်တွင်းကိုကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသောစီးပွားရေးဖြစ်စေရန် ဥပဒေများချမှတ်လျက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း။


မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပါကြောင်း၊ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် စီးပွားရေးနှင့်စပ်လျဉ်း၍ “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူ၍ ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေများကိုလည်း ချမှတ်လျက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသော စီးပွားရေးဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကမ္ဘာ့နိုင်ငံအားလုံးသည် တစ်နေ့ထက်တစ်နေ့ ခေတ်မီတိုးတက်ပြောင်းလဲလျက်ရှိပြီး အဓိကအားဖြင့် နည်းပညာတွင် များစွာတိုးတက်လျက်ရှိခြင်းကြောင့် နိုင်ငံများအနေဖြင့် ခေတ်နှင့်လျော်ညီသော ဥပဒေမူဘောင်များသည် နိုင်ငံအလိုက်စီးပွားရေးဆိုင်ရာမူဝါဒများ ပြောင်းလဲမှုအလိုက် ပြောင်းလဲပြဋ္ဌာန်းရန်လိုအပ် လာပါကြောင်း၊ ထို့ကြောင့် နိုင်ငံအလိုက် ခေတ်မီတိုးတက်သော ဥပဒေမူဘောင်များကို ပြဋ္ဌာန်းနိုင်ရေးစဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ အထူးသဖြင့် ဥပဒေမူဘောင်များတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ၊ အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံဖြတ်ကျော်ဥပဒေ ဝန်ဆောင်မှုပေးခြင်း၊ ဒေသအလိုက် Online Virtual အစည်းအဝေးကျင်းပခြင်းကဲ့သို့သော ကဏ္ဍများကို တိုးတက်ပြောင်းလဲလာသောခေတ်နှင့် ကိုက်ညီမှုရှိစေရန် ဥပဒေမူဘောင်များကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများကို သမားရိုးကျ နည်းလမ်းဖြင့်မဟုတ်ဘဲ အွန်လိုင်းအသုံးပြု၍ ဖြေရှင်း ဆောင်ရွက်သည့်နည်းလမ်း (Online Dispute Resolution) များ၊ တစ်ဖက်သတ်နိုင်ငံခြား စီးပွားရေး ပိတ်ဆို့မှုများကို ကျော်လွှားခြင်းဆိုင်ရာ ဥပဒေမူဘောင်ကို ဖော်ထုတ်ဆောင်ရွက် သင့်ပါကြောင်း ပြောကြားသည်။


ယင်းနောက် (၈)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာနှင့်စပ်လျဉ်း၍ ဖိုရမ်သို့ တက်ရောက်သော ကိုယ်စားလှယ်များက အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)