MNP ၊ စက်တင်ဘာ ၂၉
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအရ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီး ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် နေ့ကလေးထိန်း ဌာန/မူလတန်း ကြိုကျောင်းများ၊ ရပ်ရွာအခြေပြု/ အိမ်အခြေပြု ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြု မိန့်များပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပဒေအရဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်ဖြစ်ပြီး အဆိုပါရန်ပုံငွေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးပြုခြင်းကို စနစ်တကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက နေ့ကလေးထိန်းဌာန၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်လွှမ်းခြုံမှုရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment