ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ




MNP ၊ စက်တင်ဘာ ၂၃

ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က မိမိတို့ပြည်နယ်သည် စိမ်းလန်းစိုပြေသော တောတောင်ရေမြေစိမ့်စမ်း သဘာဝလိုဏ်ဂူများဖြင့် ခရီးသွားလည်ပတ်အပန်းဖြေရန် ကောင်းမွန်သောပြည်နယ်တစ်ခုဖြစ်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကို ပြင်ဆင်ထားကြစေလိုကြောင်း၊ ပွင့်လင်းရာသီတွင် ခရီးစဉ်ဒေသများ၌ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလို ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များမှ အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပွင့်လင်းရာသီ (ခရီးသွားရာသီ)အတွက် ခရီးစဉ်ဒေသများ၊ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သင့်တင့်သောနှုန်းထားဖြင့် အဆင့်အတန်းမီမီ တည်းခိုလည်ပတ် နားနေနိုင်ရေးနှင့် ထူးဆန်းပြီးအံ့ဩဖွယ်ရာခရီးစဉ်ဒေသများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားကာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ်ဇေးဗီးယဲကက်သလစ် ဘုရားရှိခိုးကျောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အမှတ်(၉)ရပ်ကွက်ရှိ ဂရုဏာဧဝံမေလိ AG အသင်းတော်၊ ကမော့ကစင်ရွာသစ်ရှိ မိတ်သဟာယအသင်းတော်များသို့ သွားရောက်ပြီး ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သာသနာပိုင်၊ သင်းအုပ်ဆရာတော်၊ လက်ထောက် သင်းအုပ်ဆရာ၊ ဘားအံခရစ်ယာန်အသင်းတော်ကောင်စီဝင်များ၊ သင်းထောက်၊ အသင်းလူကြီး၊  အမျိုးသမီးခေါင်းဆောင်များအား သက်ဆိုင်ရာခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း၊ ငြိမ်းချမ်းရေးသည်အရေးကြီးပြီး ငြိမ်းချမ်းမှုရှိမှသာ ဘာသာသာသနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ချက်များအပေါ် လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးနိုင်ပါကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းရေးဆုတောင်းမေတ္တာများပို့သပေးကြစေလိုကြောင်း ဂါရဝပြုဆုတောင် စကားပြောကြားပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များ၏ သာသနာပိုင်များ၊ သင်းအုပ်ဆရာတော်များအား ဂါရဝလက်ဆောင်နှင့် ဆန်၊ ဆီ အစရှိသော စားသောက်ကုန် ပစ္စည်းများအားပေးအပ်ရာ သင်းအုပ်ဆရာတော်များနှင့် တာဝန်ရှိသူများက ဂါရဝလက်ဆောင်များ ပြန်လည်ပေးအပ်၍ ငြိမ်းချမ်းရေးဆုမွန်ကောင်းစကားများ ပြောကြားကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)