နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံလျာထားမြေနေရာအားသွားရောက် ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံလျာထားမြေနေရာအားသွားရောက် ကွင်းဆင်းကြည့်ရှု






MNP ၊  စက်တင်ဘာ  ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၈) နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုံ လျာထားမြေနေရာအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။


အဆိုပါ စက်မှုဇုံလျာထားမြေနေရာနှင့်ပတ်သက်၍ လားရှိုးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းမြေနေရာတွင် စပါး၊ ပြောင်း စိုက်ပျိုးထားရှိမှု၊ မြေနေရာအကွက်ချထားမှုနှင့် မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်မီးသွယ်တန်းနိုင်မည့် ကိစ္စရပ်များ၊ ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့မှ ရေရရှိနိုင်မည့် ကိစ္စရပ်များ၊ ရေပိုက်လိုင်းသွယ်တန်းနိုင်မည့် ကိစ္စရပ်များတို့ကို အသီးသီးရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများသည် လားရှိုးမြို့ သူနာပြုသားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား/ သင်တန်းသူများ အားတွေ့ဆုံပြီး အားပေးစကား ပြောကြားကာ သူနာပြုသားဖွား သင်တန်းကျောင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ သူနာပြုသားဖွားသင်တန်းကျောင်းအုပ် ဆရာမကြီးများမှ လက်ခံရယူသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံရှိ ကလေးကုသဆောင်အား သွားရောက်၍ ဆေးကုသမှုခံယူနေသော ကလေးများအား အာဟာရပြည့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီး ဆေးရုံအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ လားရှိုးဆရာရုံအုပ်ကြီးနှင့် ဆရာဝန်၊ ဆရာမများမှ လက်ခံရယူပြီး အမျိုးသမီး သားဖွားမီးယပ်ဆောင်သို့သွားရောက်၍ ဆေးကုသမှု ခံယူနေသော ဒေသခံပြည်သူများအား အာဟာရပြည့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်သူများသည် လားရှိုးမြို့ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ လားရှိုးမြို့၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတ အား ဖူးမျှော်ကြည်ညိုကန်တော့၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်း ပေးကြသည်။


ယင်းနောက် လားရှိုးမြို့၊ ပင်မ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ သွားရောက်၍ “ဝ”နှစ်ခြင်း ခရစ်ယာန်အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော်အကြီးအကဲ၏ တာဝန်ပေးမှုအရ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အစရှိသည့် လုပ်ငန်းဆောင်တာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အတိုင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသကို လာရောက်ပေါင်းစပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ “ဝ” တိုင်းရင်းသားများအနေဖြင့် စာပေယဉ်ကျေးမှုနှင့် လူမှုရေးကိစ္စရပ်များ လိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြ ပေးကြရန် ပြောကြားသည်။


ဆက်လက်၍ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်ဦးဂျယ်ဆင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က "ဝ" နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ အလှူငွေများပေးအပ်ရာ အသင်းတော်သင်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိသူများမှ လက်ခံရယူပြီး မေတ္တာပို့သခြင်းနှင့် ကောင်းချီးမင်္ဂလာပေးကြ၍  လက်ရှိဆောက်လုပ်နေသော အဆောက်အဦကို ကြည့်ရူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment