မကွေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများကို စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများကို စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်



MNP ၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မကွေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅၊ ပုဒ်မ ၁၁၊ နည်းဥပဒေ ၁၃ တို့နှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နည်းဥပဒေပုဒ်မ ၂၃ အရ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးသည် ယမန်နေ့က မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တို့နှင့်အတူ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ထံတွင် ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုများ စိစစ်ဆောင်ရွက်မည့်အခြေအနေများအတွက် တွေ့ဆုံညွှန်ကြားမှုခံယူပြီး ယင်းတွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦးတို့ တက်ရောက်ကြသည်။


မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် စိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆက်လက်၍ အစည်းအဝေးကိုကျင်းပရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃(က) အရ မိမိတို့ပါတီစည်းရုံးရရှိ ထားသည့် သတ်မှတ်ပါတီဝင်ဦးရေပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့်ပြုစုတင်ပြရေး၊ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှုရှိမရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)