MNP ၊ စက်တင်ဘာ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ် (Youth Week) ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများအဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများကို စက်တင်ဘာလ(၄)ရက်မှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုမှ တစ်ခုအပါအဝင်ဖြစ်သည့် စာရိတ္တဗလကို အထောက်အကူပြုနိုင်အောင် ကျင်းပရတာဖြစ်ပြီး ဆရာတော်များ၏ ဟောပြောဆုံးမမှုများကို ကျောင်းသားကျောင်းသူများမှ နာယူမှတ်သားစေလိုသည့် ရည်ရွည်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရိတ္တဗလအနေဖြင့် စက်တင်ဘာ(၄)ရက် နံနက်ပိုင်းက မိုးညှင်းမြို့ ဗောဓိကုန်းကျောင်းတိုက်မှဆရာတော် ဦးဝိပုလမှ ပညာနှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ပင်းဘောမြို့ ရေတွင်းကုန်းရပ်မှ ဆရာတော် ဒေါက်တာဦးကောဝိဒမှလည်းကောင်း Culture, Characters and Morality နှင့်ကိုက်ညီသော အလုပ်နှင့်ဘဝခေါင်းစဉ်ဖြင့်လည်းကောင်း ဟောကြားတော်မူခဲ့ရာ တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆရာတော်အား မေးမြန်းလျှောက်ထားတော်မူကြရာ ဆရာတော်များက ပြန်လည်ဖြည့်စွက် ဟောကြားတော်မူခဲ့သည်။
ထို့အတူ စက်တင်ဘာ(၅)ရက် နံနက်ပိုင်းမှစတင်၍ ဉာဏဗလအနေဖြင့် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ စာတမ်းဖတ်ကြားကြမည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများက အလှည့်ကျဖြင့် ဖတ်ကြားကြရာ ဝိဇ္ဇာဘာသာရပ်များတွင် (၄)ဦးနှင့် သိပ္ပံဘာသာရပ်များတွင် (၅)ဦး စုစုပေါင်း(၉)ဦးက ဖတ်ကြားကြပြီး စာတမ်းဖတ်ကြားခဲ့ကြသည့် ဘာသာရပ်အသီးသီးမှ စာတမ်းရှင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခချုပ်က အမှတ်တရ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝိဇ္ဇာဘာသာရပ်များမှ ၎င်းတို့ပြုစုထားသော စာတမ်းအတွက် ရည်ညွှန်းစာအုပ်များနှင့် သိပ္ပံဘာသာရပ်များမှ ၎င်းတို့ပြုစုထားသော သုတေသနလုပ်ငန်းနှင့် ပတ်သက်သည့် စမ်းသပ်မှုများကို ခင်းကျင်းပြသထားကြရာ တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းနှင့် ဗလငါးတန်အနက် ကျန်ရှိနေသည့် ကာယဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ကဏ္ဍများကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment