MNP ၊ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နေ့လယ်(၁)နာရီ အချိန်တွင် မြို့နယ်အတွင်းရှိ ကျွန်းပတ်တာများအတွင်းမှ နွေအင်းလုပ်ကိုင်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ၍ အင်းလုပ်ငန်း လုပ်ကိုင်မှုဆိုင်ရာ စည်းကမ်းများအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် အသိပညာပေး ရှင်းလင်းဆောင်ရွက်သည်။
အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်အောင်ဆွေက အင်းလုပ်ငန်း၊ ငါးလုပ်ငန်းလုပ်ကိုင်သူများအား ငါးမျိုးသယံဇာတပြုန်းတီးမှု မဖြစ်စေရေး၊ ငါးရိက္ခာ ဖူလုံမှုရှိစေရေးအတွက် အင်းလုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ စည်းကမ်းများ ရှင်းလင်းပြောကြား အသိပညာပေးသည့်အပြင် အင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့လုပ်ကိုင်ခွင့်ရရှိသော ငါးဖမ်းကွက်များအတွင်း တားမြစ်ငါးဖမ်းကိရိယာများ အသုံးပြုခြင်း၊ ငါးမျိုးသုန်းစေသော အဆိပ်ခတ်ခြင်း၊ မိုင်းခွဲခြင်း၊ လျှပ်စစ်ဒိုင်နမို၊ ဘက်ထရီတို့ဖြင့် လျှော့တိုက်ငါးဖမ်းခြင်းတို့ကို ရှောင်ကျဉ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။၊
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေက ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုရှိ အင်းထံသို့ ကွင်းဆင်းကာ အင်းလုပ်ငန်းလုပ်ကိုင်နေမှုအပေါ် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို အင်းပိုင်ရှင်အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment