MNP ၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်က မော်လိုက်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးအမှုများနှင့် မူးယစ်ဆေးဝါး ပပျောက်စေရန် အကြံပေးဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများကလည်း ပြန်လည်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment