MNP ၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အခမ်း အနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ထွေ/အုပ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းနှင့် သင်တန်းနည်းပြဆရာများ က သင်တန်းသား၊ သင်တန်းသူများ၏ အခမ်းအနားမှူးများအဖြစ် လက်တွေ့ သရုပ်ပြဖတ်ကြားမှုများကို ဆန်းစစ်အကဲဖြတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ယခုလို အခမ်းအနားမှူး သင်တန်းအား ပို့ချသင်ကြားပေးခြင်းအားဖြင့် ခရိုင်/မြို့နယ် အတွင်းရှိ အခမ်းအနားများ၊ ဌာနဆိုင်ရာ အစည်းအဝေးများ၊ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာပွဲများ ကျင်းပသည့်အခါတွင် မလိုလားအပ်သည့် အမှားမျိုးမရှိစေဘဲ အခမ်းအနားတစ်ခုလုံးကို အဆင်ပြေပြေချောချောမွေ့မွေ့ပြီးမြောက်အောင် ဆောင်ရွက် ပေးနိုင်သည့် မြို့ဂုဏ်ဆောင် အခမ်းအနားမှူးကောင်းများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်းနှင့် လိုအပ် သည်များကို အကြံပြုဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် သင်တန်းအောင်မြင်စွာ တက်ရောက်ပြီး မြောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရုံးဖွင့်ရက် (၁၀)ရက်တွင် သင်တန်းနည်းပြဆရာ(၄) ဦးတို့မှ သင်တန်းသား(၆)ဦးနှင့် သင်တန်းသူ(၁၀)ဦး၊ စုစုပေါင်း (၁၆)ဦးတို့အား တို့အား စာတွေ့လက်တွေ့ပြသပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း





No comments:
Post a Comment