MNP ၊ အောက်တိုဘာ ၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၆ ရက်နေ့ ၀၈၀၀ အချိန် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သီပေါမြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မစုမြတ် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ၁၁ ၂၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီးတွင် အိုက်ဆေ့ မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော စက္ကူဂျပ်ဖာ အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ မစုမြတ်(၃၇)နှစ်၊ အိုက်ဆေ့(၂၄)နှစ်နှင့် စိုင်းအိုက်မွန်း(၂၁)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment