MNP ၊ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများ ရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အခြေခံပညာ အထက်တန်းကျောင်း(ကျော်ဇံ)၌ ယမန်နေ့ နံနက် (၁၀)နာရီ တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် အ.ထ.က(ကျော်ဇံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံရဲ့ အနာဂတ်ကိုပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ် များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် လာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်မျာအနေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်း စတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် Grad-11 မှ မောင်အောင်မင်းထက်၊ မောင်ပိုင်ထွဋ်ကျော်နှင့် မသင်းသင်းအောင်၊ Grade-10 မှ မောင်ဟိန်းဇံ၊ မမြင့်မြတ်မိုးတို့က “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ဇင်မင်းခန့်၊ မောင်ပြည့်စုံအောင်၊ မောင်ထွန်းပိုင်ကျော်၊ မသင်းစုဟန်နှင့် မခင်မို့မို့နိုင်တို့က “လူငယ်နှင့် သဘာဝပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ချစ်ကို၊ မောင်ရှိုင်းလင်းအောင်နှင့် မဂျေမီမီကျော်တို့က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဥ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှု များနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦးဆောင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment