MNP ၊ အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်လာနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန် တစ်ခုအဖြစ် ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ပြီး တစ်ဦးချင်း ဝင်ငွေတိုးစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် သစ်သီး(၁၀၀)ရာခိုင်နှုန်း အခြေခံသည့် ယိုအမျိုးမျိုး၊ ဖျော်ရည်နှင့် သစ်သီးဝိုင်၊ ဂျယ်လီနှင့် သီးနှံအခြေခံ စားသောက်ကုန်များ ဘာသာရပ်ပေါင်း(၂၀)အား စာတွေ့ (၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်းကို သင်တန်းသူ (၁၅)ဦးအား သင်တန်းနည်းပြ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံနှင့် တာဝန်ရှိသူများက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးပါကလုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းထူထောင် နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက သင်တန်းနှင့်စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသူများက သင်တန်းသင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအား ပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို အောက်တိုဘာ(၉)ရက်မှ (၁၃)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment