ရုပ်ရှင်အနုပညာ လောက၏အခြေအနေသည် ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိလာပြီဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုပ်ရှင်အနုပညာ လောက၏အခြေအနေသည် ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိလာပြီဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


MNP ၊ အောက်တိုဘာ ၁၃

ရုပ်ရှင်အနုပညာလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာ လောက၏အခြေအနေသည် ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိလာပြီဟု ပြောနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် တုံ့ဆိုင်းရပ်ဆိုင်းသွားခဲ့သည့် ရုပ်ရှင်လုပ်ငန်းများ ယခုကဲ့သို့ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရပါကြောင်း။

ယခုအခါ ရိုက်ကူးပြီးဇာတ်ကားများ ရုံတင်ပြသနိုင်ရေးအတွက် ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် ကျော်လွှားဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာပေးကြရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားများကို နိုင်ငံတော်ကဦးစီး၍ ကျင်းပဆောင်ရွက်ပေးခဲ့ပြီး ယင်းအခမ်းအနားနှင့်ပတ်သက်၍ ပြည်သူများထံမှ ကောင်းမွန်သည့် သဘောထားတုံ့ပြန်ချက်များ ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခမ်းအနားကြီး တစ်ခုပင်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် မည်သို့စီမံဆောင်ရွက်သွားမည်ကို ယခုအစည်းအဝေး၌ ဆွေးနွေးပေးစေလိုပါကြောင်း။

ထို့ပြင် နိုင်ငံတကာမှဖိတ်ခေါ်သည့် ရုပ်ရှင်ပွဲတော်များတွင် မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ပြသနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အရည်အသွေးရှိသည့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ် နိုင်ရေးအတွက်လည်း ကူညီပေးစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)