MNP ၊ အောက်တိုဘာ ၂၀
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို) အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (ဗဟို) အဆင့်တွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင်မျိုးဆက်သစ်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း၊ အနုပညာ အရည်အသွေးပြည့်ဝစေရန် ပြိုင်ပွဲဝင်များအား သက်ဆိုင်ရာ ဘာသာရပ်နည်းပြများဖြင့် အနီးကပ် သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ အနေဖြင့် ယခင်နှစ်ထက်သာလွန်သည့် အောင်မြင်မှုများနှင့် ပြည်နယ်ဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားယှဉ်ပြိုင်ကြစေရန်ရည်ရွယ်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်လိုက်ပါကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုဆုများ ထိုက်တန်စွာ ထပ်မံချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံကိုပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ အဖွဲ့အုပ်ချုပ်သူကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (ဗဟို) အဆင့် ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အဖွဲ့များက ဝတ်စုံပြည့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment