MNP ၊ အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၂၅)ကြိမ် မြောက် ဝိနယာနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၉)နာရီက ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ မဏိဇေယျုံကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ အစည်းအဝေးတွင် တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပြီး လုံးခင်းမေဓိကာရာမ ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသမှ ဩဝဒါကထာတရားအား ချီးမြှင့်တော်မူသည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဝိသာရ ဆရာတော်က စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်း မြွက်ကြားသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ ဖားကန့်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က အကြံပြုဆွေးနွေးကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအား ချမှတ်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဝိသာရ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ဖားကန့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ဖားကန့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment