သရက်ချောင်းမြို့နယ်၌ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်ထောင်စုအဆင့် ပြိုင်ပွဲဝင်မည့်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၌ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်ထောင်စုအဆင့် ပြိုင်ပွဲဝင်မည့်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ဆုရရှိပြီး ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြိုမရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးခင်မောင်စိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကာ အဆိုပါအခမ်းအနားအားဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ယခုအချိန်အခါတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ရည်ရွယ်ချက်ဖြင့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးပါလှသည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နိုင်ငံတော်အစိုးအရက ကြီးမှူးကျင်းပပေးခြင်းသည် မြန်မာမှုအနုသုခုမနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုးသူများအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ပင်ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ချက်ချမှတ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ထားဝယ်ခရိုင် အဆင့်တွင် သရက်ချောင်းမြို့နယ်မှ ဘာသာရပ် (၇)ခု ပြိုင်ပွဲဝင်(၅)ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီး အဆင့်သို့ ပြိုင်ပွဲဝင်(၃)ဦး ရွေးချယ်ခံရကြောင်း၊ တိုင်းဒေသကြီးအဆင့်တွင် အဆိုဘာသာရပ်(၄)ခုအတွက် ပါဝင် ယှဉ်ပြိုင်ရာ (၃)ဦးစလုံး ပြည်ထောင်စုအဆင့်သို့ တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ခံရကြောင်း၊ ယခုလိုပြည်ထောင်စု အဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများအား ဂုဏ်ပြုပေးတဲ့ဂုဏ်ပြုပွဲကို အခုလို စည်းကားသိုက်မြိုက်အောင်မြင်စွာနှင့် ကျင်းပပေးနိုင်ခြင်းသည် ဌာနအဖွဲ့အစည်းအသီးသီးရဲ့ စုပေါင်းညီညွှတ်ခြင်းအားကောင်းမှု၊ အနုပညာရှင်၊ ဝါသနာရှင်များရဲ့ ဝိုင်းဝန်းပါဝင်ဆောင်ရွက်မှု၊ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူလူထုအပေါင်းတို့၏ သိနားလည်မှု၊ အပြန်အလှန် လေးစားမှု၊ မေတ္တာထားရှိမှုတို့ဖြင့် အခုလိုအောင်မြင်စွာ ကျင်းပနိုင်ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်(၁၅–၂၀) မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မောင်ပြည့်စုံဦးက ဆင့်ရရင့်ငယ်လေးသီချင်း၊ ဆီးနှင်းမြိုက်ကျသီချင်း၊ ဂုံညှင်းထိုးကြမယ်သီချင်းနှင့် ရွှေကျီးညို သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခြင်း၊ တိုင်းဒေသကြီးအဆင့် အသက်(၁၀–၁၅) မဟာဂီတအဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မောင်ရှိုင်းဝဏ္ဏထွေးက ပန်းတသင်းသင်းသီချင်းနှင့် မြိုင်ဟေမာသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ တိုင်းဒေသကြီးအဆင့် အသက်(၁၀–၁၅) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မဂျူးဂျူးဝတီက ရွာသာယာသီချင်းနှင့် အဆင်းလှတဲ့ ပင်းတယသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခြင်း၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်(၁၅–၂၀) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မဧပွင့်ရတီက မောင်ကြီးနိဗ္ဗာန်ဆော်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ခရိုင်အဆင့် အသက်(၁၅–၂၀) အကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မသင်းပြည့်စုံက ကပြဖျော်ဖြေကာ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဧည့်ပရိတ်များက ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲတွင် ဆုရရှိရန် စီမံဆောင်ရွက်နိုင်သည့် ပညာရေးဌာနအား ဂုဏ်ပြုအလံငယ်ချီးမြှင့်ခြင်းနှင့် ဗဟိုအဆင့်တွင် ယှဉ်ပြိုင်မည့်သူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်း၊ ပါဝင်ဖျော်ဖြေပေးသည့်သူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး တာဝန်ရှိသူများက ဗဟိုအဆင့်တွင်ယှဉ်ပြိုင်မည့်သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။


ပြည့်ဖြိုးပိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)