MNP ၊ အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်သို့ ကချင်ပြည်နယ်အနေဖြင့် ဘာသာရပ်(၆၅)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ ပင်ကိုယ်အစွမ်း အစများကို အပြည့်အဝထုတ်ဖော်ပြသခြင်းအားဖြင့် ဆုတံဆိပ်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြိုင်ပွဲဝင်များ အေးချမ်းလုံခြုံပျော်ရွှင်စွာဖြင့် ဗဟိုအဆင့်တွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည့်အုပ်ချုပ် ထောက်ပံ့ကိစ္စအဝဝကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပြိုင်ပွဲဝင် များအား ဗဟိုအဆင့်တွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေအလံအား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သကဲ့သို့ ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအနေဖြင့်လည်း အောင်နိုင်ရေးအလံ နှင့်အတူ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ပြိုင်ပွဲ၏ အနှစ်သာရနှင့်အညီ ကြိုးစားယှဉ်ပြိုင်ကြရေးနှင့် အောင်မြင်မှုဆုတံဆိပ်များကို အသီးသီးရယူ ပေးနိုင်ရေး အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗဟိုအဆင့် ပြိုင်ပွဲ (နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲဝင်များအား စခန်းသွင်း လေ့ကျင့်ဆောင် ရွက်ခဲ့မှုအခြေအနေများ၊ ယခုနှစ်တွင် ဘာသာရပ်(၆၅)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၄)ရက်မှ (၃၁)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပ ပြုလုပ်သွားမည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု ဝါသနာရှင် (ဒုတိယတန်း) အဆင့် ကာလပေါ်/ ခေတ်ဟောင်းတေးသီချင်းပြိုင်ပွဲဝင်၊ အခြေခံပညာ အဆင့် (၁၀ နှစ်မှ ၁၅ နှစ်အတွင်း)အမျိုးသား/ အမျိုးသမီးအကများ၊ အခြေံပညာအဆင့် (၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီး စန္ဒယားအတီးပြိုင်ပွဲဝင်တို့က ကပြတီးခတ်ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌထံ အောင်နိုင်ရေးအလံကို လည်းကောင်း၊ ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့် ပြိုင်ပွဲသို့ သွားရောက်ကြမည့် အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအတွက် ထောက်ပံ့ငွေများကို လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဘာသာရပ်ပေါင်း (၆၅)မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲကျင်းပမည့် နေပြည်တော်သို့ လီဆူတိုင်းရင်းသားအက ဖျော်ဖြေရေးအဖွဲ့ဝင်များ အပါအဝင် အုပ်ချုပ်သူများ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များဖြင့် စုစုပေါင်း ၁၄၂ ဦးတို့ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနား - မိုးကောင်း မီးရထားခရီးစဉ် အမြန်ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ မီးရထားမှ တာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်သည်။
ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး အတွက် အဓိကအားဖြင့် လေကြောင်းလိုင်းများ၊ ကား လိုင်းများနှင့် မြန်မာ့မီးရထားကိုသာ အဓိကအားထားပြီး ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးတို့တွင် အသုံးပြုခဲ့ပါကြောင်း၊ မြန်မာ့မီးရထားသည် ပြည်နယ်အတွက် ကုန်စည်ပို့ဆောင်ရေးနှင့် ပြည်သူများ ခရီးသွားလာရေး အတွက် ကုန်ကျစရိတ်သာသာ၍ ထိရောက်လွယ်ကူသည့် အရေးပါ သည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ထိုသို့ အရေးပါသည့် မီးရထား ပြေးဆွဲနိုင်ရေး ရပ်နားခြင်းမှ ပြန်လည်ပြေးဆွဲနိုင်ရေး မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်သည့်အတွက် မြစ်ကြီးနား-မိုးကောင်း ၃၆ ဒဿမ ၇၅ မိုင်ကို လုံခြုံရေးကောင်းမွန်စွာ ပြေးဆွဲနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် သို့မှသာ ဒေသတွင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပြင် လူမှုစီးပွားဘဝ ကိုလည်း ပိုမိုတိုးတက်မြင့်မားစေပြီး သယ်ယူပို့ဆောင်ကုန်ကျစရိတ်လျော့စေမည် ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းလျော့ကျစေရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းက မီးရထား ပြေးဆွဲနိုင်ရေး တပ်မတော်မှ လုံခြုံရေးရယူ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး မြန်မာ့မီးရထားသွားလာရေး အမှတ်(၁) တိုင်းတာဝန်ခံ ဦးကျော်မိုးက မြစ်ကြီးနား-မိုးကောင်း-မြစ်ကြီးနား မြန်မာ့မီးရထားခေါက်တို ပြေးဆွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လည်းကောင်း၊ မြန်မာ့မီးရထားတာဝန်ရှိသူများက ရထားပြေးဆွဲနိုင်ရေး စက်တွဲပိုင်းဆိုင်ရာများ၊ ဘူတာများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအတွက် ဒေသတွင်း ကုန်စည်စီးဆင်းရာတွင် အဓိက အရေးပါသည့် မီးရထား ပြေးဆွဲနိုင်ရေးကို တစ်ဆင့်ပြီး တစ်ဆင့် မဖြစ်မနေ အကောင်အထည်ဖော် ပြေးဆွဲသွားနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။၏
https://t.me/MyanmarNationalPost
No comments:
Post a Comment