MNP ၊ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်၌ အစေ့ထုတ်ပြောင်းများ ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းများကို မေလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး ၃ လအကြာတွင် ခူးဆွတ်ချွေလှေ့ကာ နေပူလှန်းရကြောင်း၊ ယခင်နှစ်များတွင် နို့ဆီဗူး ၈ လုံးပါ တစ်ပြည်နှုန်းဖြင့် ၈ ပြည်ပါ သံပုံး တစ်ပုံးလျှင် ၅၀၀၀ ကျပ်၊ အများဆုံး ၈၀၀၀ ကျပ်ဖြင့်သာ ဈေးကွက်ရှိခဲ့ပြီး ယခုနှစ်တွင် သံပုံးတစ်ပုံးလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်များထက် အထွက်နှုန်းတိုးသဖြင့်အစေ့ထုတ်ပြောင်းစိုက်ပျိုးသူ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရှု့ခင်းသာ (၂)ကျေးရွာမှ အစေ့ထုတ်ပြောင်း စိုက်တောင်သူ ဦးကျလောဘိုက ပြောသည်။
မိုင်းခုတ်မြို့တွင် အစေ့ထုတ်ပြောင်းများကို ရှု့ခင်းသာ(၂)ကျေးရွာ၊ လွယ်ဆောင်ကျေးရွာ၊ ဝမ်ကတ်ကျေးရွာ၊ မိုင်းနင်းကျေးရွာနှင့် မိုင်းလုံးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များမှ ကုန်သည်များ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
သီတာအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment