ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောအဖြေ NCA - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောအဖြေ NCA


ဇာနည်ဘွား

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ရသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအနက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

“ငြိမ်းချမ်းရေးမရှိဘဲ မဖွံ့ဖြိုးနိုင်၊ ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာနိုင်၊ ဒီမိုကရေစီစနစ် မရှိဘဲလည်း ငြိမ်းချမ်းရေးမရနိုင်” ဟူသည့် အတွေးအခေါ်အယူအဆကို အခြေခံ၍ ထိုစဉ်ကနိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေးကမ်းလှမ်းသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန်လိုသော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့ အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့အစည်းနှင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်” ဟု ဖော်ပြပါရှိပါသည်။


မျှော်လင့်ချက်ရောင်ခြည်

အဆိုပါကြေညာချက်သည် ငြိမ်းချမ်းရေးကို မျှော်လင့်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းစေခဲ့သည်။ ထိုအချိန်မှစ၍ အသက်မဝင်ရပ်တန့်နေသော ငြိမ်းချမ်းရေးအသံများ နိုးကြားပေါ်ပေါက်လာခဲ့ပါသည်။

ထိုကြေညာချက်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)နှင့် ကယန်းပြည်သူ့ပါတီ (KNPP) အဖွဲ့များက ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ကမ်းလှမ်းလာခဲ့ပါသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး အားလုံး၏သဘောတူညီမှုဖြင့် NCA သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဩဂုတ် ၇ ရက်တွင် အချောသတ်နိုင်ခဲ့ပါသည်။ ယင်းနောက် ပါဝင်ရေးဆွဲသူအားလုံး၏ သဘောတူညီမှုဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပါသည်။

သို့ရာတွင် NCA စာချုပ်တွင် ကိုယ်တိုင်ပါဝင် ရေးဆွဲသဘောတူညီခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် စာချုပ်တွင် လက်မှတ်ရေးထိုးသောအခါ ပါဝင်လာခြင်းမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် Bilateral အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲကို သမိုင်းဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။


သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ခဲ့

NCA စာချုပ်တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိုသို့သမိုင်းဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ အထူးရွှင်လန်း ဝမ်းမြောက်ခဲ့ကြပါသည်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကရင်ပြည်နယ်ဘားအံမြို့၌ ကျင်းပခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာပင် ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေကြသော ဒေသခံပြည်သူလူထုများသည် မြို့လုံးကျွတ်မျှ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါသည်။

ဦးသိန်းစိန်အစိုးရသည် ဖော်ပြပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနိုင်ရန် စတင်ဖိတ်ခေါ်ကမ်းလှမ်းသည့်နေ့မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ဖြစ်တည်ပေါ်ပေါက်လာသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး အစည်းအဝေးပေါင်း ၅၀၀၀ ခန့်ကျင်းပ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြရပါသည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရသည် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကတိကဝတ်အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၀၁၆)ကို ပထမအကြိမ် ကျင်းပပေးခဲ့ပါသည်။


ဆက်လက်အကောင်အထည်ဖော်

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအမည်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့၍ NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိရှိလာခဲ့သည်။

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။


တိုင်းရင်းသားအားလုံး၏ အနာဂတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် “၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်နှင့်အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ခဲ့ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့၊ စုစုပေါင်း(၁၀)ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်း နိုင်မည့်ရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ NCA ပါသဘောတူညီချက်များသည် ပြည်ထောင်စုနှင့် တိုင်းရင်းသားအားလုံး၏ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားတာဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တိုင်းရင်းသားများအပေါ် အာမခံထားခြင်းပင် ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေးရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေးရဲ့ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိကြောင်း။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် အဓိကအခြေခံအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တို့အပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၅) ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို (၂၂)ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကိုစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းကတစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။


ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရန်လို

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ “ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားကြီးစွာဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုအကျိုးစီးပွားကို ရေရှည်ကြည့်၍ သမာသမတ်ရှိစွာဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း” ဧပြီ ၉ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

သို့ရာတွင် ရိုးသားမှုမရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလအတွင်း ပြည်တွင်းပြည်ပမှသွေးထိုးလှုံ့ဆော်မှုများအရလည်းကောင်း၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအမြတ် ထုတ်လိုမှုကြောင့် လည်းကောင်း NCA စာချုပ်နှင့်ပတ်သက်၍ သို့လော၊ သို့လောအမြင်များ ဖြစ်ပေါ်လာအောင် ပြုမူပြော ဆိုမှုများကို လုပ်ဆောင်လာကြသည်။

ထိုသို့ ဖန်တီးလုပ်ဆောင်မှုများနှင့်ပတ်သက်၍ KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ဘားအံခရိုင်က ၁၄-၉-၂၀၂၃ ရက်စွဲဖြင့် ...

 “NCA စာချုပ်သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးသည် KNU ကရင် အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသော စာချုပ်တစ်ရပ်ဖြစ်သည်။

NCA စာချုပ်ကိုချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ် ခိုင်ခိုင်မာမာသက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တစ်ရပ်လည်းဖြစ်ပါသည်။

KNU ကရင်အမျိုးသားအစည်းအရုံးမှ မိမိနိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်နိုင်ရေး သဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထားပြီးဖြစ်သည်။

သို့ဖြစ်၍ တပ်မဟာ(၇) ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာ ခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” စသည်ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။


(၈)နှစ်ပြည့်မြောက်တော့မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့သည်မှာ အောက်တိုဘာ ၁၅ ရက်တွင် (၈)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။

ထိုအချိန် ထိုကာလအတွင်းကငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ကြသူများသည် ရိုးသားဖြူစင်မှု၊ စိတ်ရှည်သည်းခံမှု၊ နားလည်စာနာမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် ၆၂ နှစ်အကြာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့သည့် KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက် နိုင်ခဲ့ကြပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုဖွဲ့ထားသည့် NCCTမှ အဆိုပြုလာသော NCA စာချုပ်မူကြမ်းကို ဆွေးနွေးအကောင်အထည်ဖော် စတင်နိုင်ခဲ့ခြင်းမှအစပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၈)ဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

သို့ဖြင့် NCA စာချုပ်သည် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော အခင်းအကျင်းဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေးအမေးပုစ္ဆာအတွက်လည်း တစ်ခုတည်းသောအဖြေဖြစ်ပါသည်။ ထို့အတူ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်တွင်မှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)