မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကို ဖွင့်လှစ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကို ဖွင့်လှစ်မည်


MNP ၊ ဒီဇင်ဘာ ၁၈

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ဖွင့်လှစ်မည်ဖြစ်ကြောင်း မင်းဘူးသစ်ထုတ်ရေး ဒေသတာဝန်ခံခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း - ပျော်ဘွယ်ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကိုအခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဆင်စခန်းကိုတော့ ယခုလက်ရှိမှာလည်း အဆက်မပြတ်ဖွင့်လှစ်ထားပြီးတော့ လာရောက်အပန်းဖြေလည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတိုဆင်စီးရင်း တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေး ဆင်များနဲ့အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆင်လိမ္မာလေးတွေနဲ့အတူ ကပြ(အလှပြ) ဖျော်ဖြေဧည့်ခံတဲ့အစီအစဉ်ကို လာရောက်လည်ပတ်သူတွေက အလွန်သဘောကျ နှစ်သက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ဆင်တွေနဲ့အတူထူးခြားတဲ့ ဖျော်‌ဖြေတင်ဆက်မှုတွေအပြင် ပွဲကြည့်စင်အသစ်ကို ဆောက်လုပ်နေပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဆင်အရိုးစုတွေ၊ ဆင်နဲ့ပတ်သက်တာတွေကို စုဆောင်းပြီးတော့ ဆင်ပြတိုက်အဖြစ် ထည့်သွင်းပြီး ခင်းကျင်းပြသနိုင်ဖို့နဲ့ ဆင်စခန်းကို လာရောက်လည်ပတ်ရင်း အပန်းဖြေအနားယူချင်စဖွယ်ဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်” ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။

အဆိုပါဆင်စခန်းကို နေ့စဉ်နံနက် ၇ နာရီ မှ ညနေ ၆ နာချိန်အထိ ဖွင့်လှစ်ထားကြောင်း၊ ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ကျပ် ၅၀၀၀ နှုန်း၊ နိုင်ငံခြားသားတစ်ဦးလျှင်ဝင်ကြေး ကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခ ကျပ် ၁၀၀၀၀ နှုန်း၊ ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင်ငှားရမ်းခ ကျပ် ၃၀၀၀၀ နှုန်းနှင့် VIP တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ကျပ် ၅၀၀၀၀ နှုန်းတို့ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)