ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲ၊ (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြုဓမ္မသဘင်ပွဲတော်သို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲ၊ (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြုဓမ္မသဘင်ပွဲတော်သို့




MNP ၊ဇန်နဝါရီ ၁ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲနှင့် (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း သာသနာ့ဟိတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်အရှင် သူမြတ်များထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရား တော်များနာယူကြကာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဆရာတော်အရှင်သူမြတ်များထံ သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စေတနာရှင်များက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကျောင်းထိုင်သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝါသဝက ကျောင်းထိုင်ဘုန်းကြီးသင်တန်း (၁၂)ကြိမ်မြောက် ဒီပလိုသင်တန်းဆင်းပွဲနှင့် (၁၃) ကြိမ်မြောက် ဒီပလိုသင်တန်းသင်တန်းဖွင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားတော်မူကာ ကျောင်းထိုင်ဘုန်းကြီး (၂)နှစ် ဒီပလိုသင်တန်းဆင်း ရဟန်း‌တော်များအား သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော်အနုမောဒနာပြု ဓမ္မသဘင်ပွဲတော်သို့ သွားရောက်ပြီး တန်ဖဲဘုရားကျောင်း၌ သိက္ခာတော်ရဆရာများ၊ ကျေးရွာသူ/ ရွာသားများနှင့်အတူ ဝတ်ပြုဆုတောင်းခြင်း၊ ဓမ္မဒေသနာတော်ဟောကြားခြင်း အစီအစဉ်များတွင် ပါဝင်ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြု ဓမ္မသဘင်ပွဲတော်အတွင်း တန်ဖဲကျေးရွာဖြစ်တည်မှု၊ ဘုရားကျောင်းတည်ထောင်ခဲ့မှု၊ ခေတ်အဆက်ဆက် တာဝန်ယူဆက်ကပ် ခဲ့ကြသည့် သိက္ခာတော်ရဆရာများ၏ သမိုင်းကြောင်းများကို ပြသထားသည့် ပြခန်းအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အသင်းတော်အခြေပြုကလေးငယ်များ၏ ရိုးရာဘင်ခရာအတီးအမှုတ်ဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်းတွင် မြစ်ကြီးနားဂေါက်ကလပ်က ကြီးမှူး၍ ၂၉.၁၂.၂၀၂၃ ရက်နေ့ အသင်းပေါင်း ၃၁ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကောက်သစ်စားပွဲ၊ ကောက်သစ်စားပွဲ၊ Club Captain  ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အသင်းလိုက် ဆုဖလားရရှိသူများအား ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ လည်းကောင်း၊ ရွှေအဆင့်၊ ငွေအဆင့်၊ ကြေးအဆင့်၊ သက်ကြီးတန်းဆုနှင့် အထူးဆုရရှိသူများအား ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနား ဂေါက်ကလပ်နာယကအဖွဲ့ဝင်များက ဂုဏ်ပြုဆု၊ ချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များကို လည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)