MNP ၊ ဇန်နဝါရီ ၁၁
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက မော်လမြိုင်မြို့သည် စီးပွားရေးအချက်အချာကျပြီး ပြည်တွင်းသာမက ပြည်ပခရီးသွားများပါ လာရောက်လည်ပတ်သည့်မြို့ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားများအဆင်ပြေစေရန် လမ်းညွှန်အမှတ်အသားဆိုင်းဘုတ်များ လုပ်ဆောင်ထားရမည်ဖြစ်ပြီး ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းကာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သင့်ကြောင်း၊ လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေးကြိုးများရှုပ်ထွေးနေမှု မရှိစေရေး အပါအဝင် မြို့သာယာလှပစေရေး ဆောင်ရွက်မည့်ကိစ္စများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment