MNP ၊ဇန်နဝါရီ ၃၀
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက် ဆုံးရှုံရခြင်းများမှ ကင်းဝေးစေရေးအတွက် ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ယမုံနာ (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးဟောင်းနွမ်း ပေါက်ပြဲမှု ရှိ၊ မရှိ၊ ချက်ပြုတ်သည့်နေရာများတွင် အသုံးပြုသည့် မီးဖိုများအား ချက်ပြုတ်ပြီးပါက ငြှိမ်းသတ်မှု ရှိ၊ မရှိ၊ လျှပ်စစ်ပစ္စည်းများအား သုံးစွဲပြီးပါက ခလုတ်များနှင့် မီးပလပ်များဖြုတ်ခြင်း ရှိ၊ မရှိ၊ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်များ ပြင်ဆင်ထားရှိမှု ရှိ၊ မရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပါသည်။ ထို့နောက် မီးလောင်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးလောင်မှုမကြီးမားခင် ပြည်သူများကိုယ်တိုင် ငြှိမ်းသတ်နိုင်သည့် နည်းစနစ်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်း ပညာပေးပြောကြားခဲ့ပါသည်။
အဆိုပါ လုပ်ငန်းများကို ဒေါပုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက အိမ်ထောင်စု ၉၂ စုထံ တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ခုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment