MNP ၊ ဇန်နဝါရီ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၀၉:၄၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပပြုလုပ်သော ပါတီဝင်အသစ် (၁၄၁၃)ဦး၏ အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဖွင့်အမှာစကား ပြောကြားရာတွင် ဦးခင်ရီက "ပါတီဝင်အသစ်များအား ယခုလို မိမိတို့ ပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုးပါတီဟာ ၁၉၉၃ခုနှစ်၊ အသင်းကာလ မှစ၍ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တာ ၃၁ နှစ်ကျော် ရှိပြီး သမိုင်းနောက်ခံအရ ခိုင်မာသောအဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ပါတီအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ရေရှည်ရည်မှန်းချက်၊ ရေတို (လတ်တလော) ရည်မှန်းချက်များအား ရှင်းလင်းပြောကြားကာ ပါတီဝင် တစ်ဦးလုပ်ဆောင်ရမည့်တာဝန်များအား ဆောင်ရွက်ကြရန် တာဝန်ပေးအပ်ကြောင်း " ပြောကြားပြီး ပါတီဖြတ်သန်းခဲ့သော သမိုင်းပုံရိပ် Video အား ပါတီဝင်အသစ်များအား ဖွင့်လှစ်ပြသခဲ့သည်။
ဆက်လက်ပြီး ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများအား သက်ဆိုင်ရာ ခရိုင်ပါတီဥက္ကဋ္ဌများက ပေးအပ်ရာ ပါတီဥက္ကဋ္ဌမှ လက်ခံရယူပြီး ပါတီဝင်အသစ်များထဲမှ ပါတီသို့ ဝင်ရောက်ရခြင်းနှင့် ၎င်းတို့သိရှိလိုသည့် အလုပ်အကိုင်အခွင့်အလမ်း၊ လုံခြုံရေးကိစ္စရပ်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment