ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေ




MNP ၊ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူများ၏ အဓိက စိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းခဲ့၍  ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိနေကြပြီး၊ ဈေးကောင်းရရှိသဖြင့် ယခုနှစ် ပဲစင်းငုံစိုက် တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။  

ကျောက်ပန်းတောင်းမြို့နယ်နှင့်အနီးဝန်းကျင်ဒေသ အညာ တောင်သူများသည် နှစ်စဉ် မြေပဲသီးနှံ၊ နှမ်းသီးနှံနှင့် ပဲစင်းငုံသီးနှံတို့ကို အဓိက အားထား စိုက်ပျိုးကြ၍ အခြားသီးနှံများဖြစ်သည့် ပြောင်း၊ ပဲတီစိမ်း တို့ကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးလေ့ရှိကြပြီး၊  ပြောင်းသီးနှံကို နွားစာအဖြစ်သာ စိုက်ပျိုးကြ ကြောင်းသိရသည်။ အဆိုပါ စိုက်ပျိုးသည့် သီးနှံများကို မိုးလေ မှန်ကန်ပါက ဧပြီလလယ်ခန့်နှင့် မေလဆန်းပိုင်းတို့တွင် မြေပဲ၊ နှမ်းသီးနှံများဖြင့် တစ်ချိန်တည်း စိုက်ပျိုးလေ့ရှိကြကြောင်းနှင့် နှမ်းသီးနှံကို ဩဂုတ်လဆန်းခန့်တွင် နှုတ်သိမ်းခဲ့ကြပြီး၊ နှမ်းသီးနှံ သိမ်းဆည်း/ရောင်းချ ပြီးချိန်တွင် မြေပဲသီးနှံကို ဆက်လက် ဖော်ယူဆွတ်ခြွေကြကြောင်း သိရသည်။ အဆိုပါ နှမ်းနှင့် မြေပဲ သီးနှံများ သိမ်းဆည်း ပြီးပါက ဒီဇင်ဘာ လလယ်ခန့်တွင် တစ်နှစ်တာအတွက် နောက်ဆုံးကျန်ရှိသည့် ပဲစင်းငုံသီးနှံကို စတင်ရိတ်သိမ်း လေ့ရှိကြကြောင်း နှင့် ယခုနှစ်တွင် ပဲစင်းငုံဈေးမှာ ပေါ်ဦးပေါ်ဖျားမှ ယနေ့အထိ ဈေးကွာဟ မှုမများလှဘဲ၊ တစ်တင်းလျှင်ငွေကျပ် တစ်သိန်းနှင့် တစ်သိန်းအထက်တွက်ရှိနေသဖြင့် တောင်သူများ အဆင်ပြေကြ ကြောင်းသိရသည်။ “ ဒီနေ့ရောင်းခဲ့တာကတော့ တစ်တင်းကို ၁၀၂၅၀၀ ကျပ် ရရှိခဲ့တယ်…။ တစ်ပိဿာ ကို ၄၉၀၀ လောက်ရတာပေါ့…။ ပဲစင်းငုံအနေနဲ့က ကုန်ကျစရိတ် အများကြီးမရှိပါဘူး… နှမ်းနဲ့ မြေပဲစိုက်တဲ့အချိန်မှာ တစ်ခါတည်းလုပ်ရာတာဆိုတော့…ဒီကြားထဲမှာ ဆေးပက်စရာ လိုရင်ပက်ရတာနဲ့ ခုတ်ချိန်/ပုတ်ချိန်မှာ အလုပ်သမားငှားခ ကုန်တာပါဘဲ…ကျန်တာ ကုန်ကျစရိတ်မရှိပါဘူး…ကျွန်တော် တို့က တစ်ဧကကို သီးညှပ်အနေနဲ့စိုက်ခဲ့တာ (၉)တင်းရပါတယ်…ကုန်ကျစရိတ်အနေနဲ့က ဆေးတစ်ခါ ပက်တာနဲ့ အခု ပဲစင်းငုံခုတ်ဖို့နဲ့ ပုတ်ဖို့ လူငှားခရယ် စုစုပေါင်းမှ (၈)သောင်းလောက်ပဲ ကုန်ကျတာပါ…” ဟု ဆယ့်နှစ်ရာသီပင်ကျေးရွာမှ တောင်သူ ဦးအောင်ခိုင်က ပြောပါသည်။

ပဲစင်းငုံ ခုတ်ခအဖြစ် လုပ်သားတစ်ဦးလျှင် နံနက်ပိုင်း တစ်ပိုင်းအတွက် ငွေကျပ် ၃၀၀၀ ပေးရကြောင်းနှင့် ပုတ်ခအဖြစ် အမျိုးသားတစ်ဦး လျှင် ၃၅၀၀ ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် ၃၀၀၀ ကျပ် (နံနက်ပိုင်း) ပေးရ ကြောင်းသိရသည်။ အညာ တောင်သူများသည် ပဲစင်းငုံသီးနှံကို ပြည်ပဈေးကွက်အတွက်သာ အားထားစိုက်ပျိုးကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသအခေါ် ကိုင်းတစ်ရာမျိုးနှင့် မုံရွာရွှေဒင်္ဂါး မျိုးတို့ကို အဓိက စိုက်ပျိုးကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧက ၇၅၃၇၇ ဧကစိုက်ပျိုးရန် လျာထားခဲ့သော်လည်း၊ ယမန်နှစ်က ဈေးကောင်း ရရှိမှု ကြောင့် ဧက ၈၂၄၈၆ ဧက စိုက်ပျိုးခဲ့ကြကြောင်းသိရပြီး၊ လျာထားချက်ထက် ၇၁၀၉ ဧက ပိုမို စိုက်ပျိုးခဲ့ကြ ရာ၊ ယခုနှစ်လည်း ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)