အချိန်ကား တဖြည်းဖြည်းကုန်လွန်လာသည်နှင့်အတူ တိုက်ပွဲသတင်းအချို့ကလည်း တဖြည်းဖြည်းနှင့် ခပ်စိတ်စိတ်ပျံ့လွင့်လာကြ၏ ။
" ဖိုးခွား ... "
" ဗျာ ... ဖထီး "
" ၁၀ လပိုင်းကုန်ရင် ဟိုကောင်တွေ လာတိုက်မယ်ပြောတယ်။ သတင်းကတော့ သေချာပြီ။ ငါတို့ရွာသားတွေလည်း ခုကတည်းက ပြောင်းနေကြပြီ။ ငါတို့လည်း ဒီနေ့ပဲ အိမ်ပြောင်းပြီ။ မင်းတို့လည်း သတိဝီရိယထားကြ။ မသေစေနဲ့ "
ရွာထဲက သူတို့နှင့် ရင်းနှီးနေသော ကရင်အဖိုးကြီးက အိမ်ပြောင်းရင်း သူ့ကို ခပ်ပြတ်ပြတ် သတင်းပေးသွား၏။ အထုပ်အပိုးတွေနှင့် ထွက်ခွာသွားသော ကရင်အဖိုးကြီး၏ ကျောပြင်ကို ငေးကြည့်ရင်း သူ ပင့်သက်တစ်ချက် ရှိုက်ချလိုက်မိသည်။ တိုက်ပွဲကား သေချာပေါက် ဖြစ်ပွားတော့မည်။ ရရှိထားသော သတင်းကို ဗိုလ်လောင်းသင်တန်း တပါတ်စဉ်ထဲဖြစ်သူ ဗက ဇာနည်ဦးအား ပြောပြမိရာ သူလည်း သတင်းရကြောင်း၊ တိုက်ပွဲကား သေချာပေါက် ဖြစ်ပွားတော့မည် ဖြစ်ကြောင်း ပြောပြ၏။
နောက်ရက်များ၌ ရန်သူသည် စခန်းနှင့် တံတားနေရာများသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းများကို ခပ်စိတ်စိတ်လုပ်ဆောင်လာခဲ့ကြ၏။ မှူး/ဗက ထွန်းဝင်းတို့အဖွဲ့ကလည်း စခန်းအတွင်းမှနေ၍ MA 8 ၊ MA 7 များဖြင့် ရန်သူ့နေရာများသို့ လက်နက်ကြီးပစ်ခတ်ပြီး ပြန်လည် တုံ့ပြန်လျက် ရှိ၏။
၁၁ လပိုင်း ၉ ရက်နေ့တွင်တော့ ရန်သူသည် ၎င်းတို့ကို ဒုက္ခပေးနေသော လက်နက်ကြီးနေရာသို့ Drone ဖြင့် Drop bomb ချ တိုက်ခိုက်ခဲ့ရာ မှူး/ ဗက ထွန်းဝင်း၏ ညာခါးစောင်း ဗုံးစ ထိမှန် ဒဏ်ရာ ရရှိခဲ့၏။ ရန်သူကား မိမိတို့ လက်နက်ကြီးနေရာကို သိရှိသွားပြီဖြစ်ရာ ၎င်းနေရာမှနေ၍ လက်နက်ကြီးပစ်ခတ်ရန် ခဲယဉ်းသွားပြီ ဖြစ်သည်။
နောက်တစ်နေ့ နံနက်။
တိတိကျကျ ဆိုရလျှင် ၁၀ - ၁၁ - ၂၀၂၃ ရက်နေ့ ။
" စစ်ခွေးတွေ မသေချင်ရင် လက်နက်ချ "
" မင်းအောင်လှိုင်ခွေးတွေကို သတ် "
နံနက်ခင်းကား အလင်းရောင်ပင် မကွဲသေး။
ရုတ်တရက် ထွက်ပေါ်လာသော အသံများက လှပေသော အာရုဏ်ဦးကို ချက်ချင်းပင် အရုပ်ဆိုး အကျည်းတန်သွားစေတော့သည်။
ရန်သူသည် နံနက် ၄ နာရီခန့်တွင် မိမိတို့အခြေပြုထားသော တံတားနှင့် စခန်းနေရာများအား Drone ဖြင့် Drop bomb ချ တိုက်ခိုက်ခြင်းများ အဆက်မပြတ် လုပ်ဆောင် လာခဲ့၏။ တဆက်တည်းမှာပင် တကက - ကျော်ထက်လှိုင် အခြေပြုရာ မီးသတ်ရုံးနှင့် မိမိအဖွဲ့ နေရာယူထားသော အဆောက်အဦးများဘက်သို့ ညာသံပေး ပစ်ခတ်၍ စတင် ချဉ်းကပ် တိုက်ခိုက်လာခဲ့ကြ၏။
တပ်ရင်းမှူးမှ မိမိတို့အဖွဲ့အား ဗက - ဉာဏ်လင်းထွန်း၏ နေရာသို့ သွားရောက်ပူးပေါင်းစေပြီး ၊ ဗက - ဉာဏ်လင်းထွန်းအဖွဲ့ကိုတော့ တံတားရှိ ဗက - ဇာနည်ဦးအဖွဲ့ထံ သွားရောက်ပူးပေါင်းစေခဲ့သည်။
နေ့လယ်ခင်းအချိန်တွင် ရန်သူသည် တကက - ကျော်ထက်လှိုင်တို့ အဖွဲ့ရှိရာ မီးသတ်ရုံးသို့ Drone ဖြင့် Drone ဖြင့် Drop bomb ချခြင်းများ ပြုလုပ်ပြီး RPG များ၊ 40 မမများ၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်လာကြပြန်သည်။ မိမိမှ ပစ်ခတ်မှု ထိန်းသိမ်းပြီး ပိုင်မှ ပစ်ရန် ညွှန်ကြားခဲ့ရသည်။ စခန်းတွင်းမှ လက်နက်ကြီး ပစ်ကူ လှမ်း၍ တောင်းခံခဲ့သော်လည်း မှူး /ဗက ထွန်းဝင်း ဒဏ်ရာ ရနေသည့်အပြင် ရန်သူ့ Drone များ အဆက်မပြတ် ဝဲ နေရာ မည်သို့မှ ထွက်ပစ်ရန် အခွင့်မသာခဲ့ရာ ပစ်ကူ မရရှိနိုင်ခဲ့ပေ။
နေ့လယ် ၃ နာရီခန့် အချိန်တွင်တော့ ရင်းမှူးမှ ဗက - ဉာဏ်လင်းထွန်းတို့ အဖွဲ့ကို မိမိထံ လာရောက် ပူးပေါင်းစေခဲ့၏။
" အစ်ကိုကြီး ... ကိုမင်းအောင်
ကျွန်တော်နဲ့ အစ်ကိုကြီးနဲ့ ၂ ဖွဲ့ပေါင်းပြီး ဆေးရုံကို သွားရှင်းရမယ် ။ ကျွန်တော်တို့ ရှင်းပြီးရင် ဆရာကြီး ကျော်ထက်လှိုင်တို့အဖွဲ့ကို မီးသတ်ရုံးကနေ ဆေးရုံကို လာပြီး အခြေပြုခိုင်းရမယ် လို့ တပ်ရင်းမှူးက ညွှန်ကြားတယ် ညီလေး "
" အေး ... ညီလေး "
တချက် တချက် ထွက်ပေါ်လာသော ပေါက်ကွဲသံ၊ သေနတ်သံများမှ အပ နေ့လယ်ခင်းကား ပိုးပုရစ်ကောင်တို့၏ အော်မြည်သံ၊ ကျေးငှက်သာရကာတို့၏ တွန်ကျူးသံတို့ပင် မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေလျှက်ရှိ၏။
ပြင်ပလောကကြီးကား ငြိမ်သက်နေပေမယ့် အားလုံး၏ ရင်ထဲတွင်တော့ ခေါ်သံတစ်ခုက ထပ်ခါထပ်ခါ မြည်ဟည်းနေလျက် ရှိသည်။
တိုက်ပွဲ၏ ခေါ်သံများပင် ...။ စစ်ကို လိုလားသူတို့ စစ်ကို ဖန်တီးခဲ့ကြခြင်းကြောင့်၊ စစ်ပွဲကား ၎င်း၏ အဖော်ဖြစ်သူ သေမင်းတမန်ကို ခေါ်ဆောင်၍ ဆိုက်ရောက်လာခဲ့လေပြီ ဖြစ်သည်။
မ ၃၅၈ ရင်းမှူး ဒုမှူးကြီး မျိုးကိုကိုဝင်း၏ ညွှန်ကြားချက်အရ မိမိတို့ ၂ ဖွဲ့ပေါင်း၍ ဆေးရုံကို ရှင်းလင်းခဲ့ပြီး၊ တကက - ကျော်ထက်လှိုင်တို့အား နေရာယူအခြေပြုခံစစ်ပြင်စေခဲ့၏။
မိမိတို့ကား ရင်းမှူး၏ ထပ်ဆင့် ညွှန်ကြားချက်အရ ဆေးရုံမှ တဆင့် ဈေးလမ်းဘက်သို့ ထပ်မံရှင်းလင်းရန် ချီတက်ခဲ့ကြသည်။
အချိန်ကား ညနေ ၄ နာရီခွဲ။
ကျလုဆဲ နေမင်းက လောကတခွင်ကို နောက်ဆုံးအလင်းအပူဓာတ်တို့ အဆုံးသတ်ဖြန့်ကျက်နေသည့်အပြင်၊ ရင်ထဲက အမောများ ဇောများကြောင့် ပုံမှန်ထက် ပို၍ ပူနေသလို ခံစားကြရ၏။ စစ်သည်တိုင်း၏ မျက်နှာမှာ ခက်ထန်လျက် ရှိပြီး ဝတ်ထားသော ချပ်ဝတ်တန်ဆာများတွင်လည်း ချွေးများ ရွှဲနစ်နေလျက် ရှိကြသည်။
" ဒက် ... ဒက် ... ဒက် "
" အား ... "
" ဒိုင်း .... ဒိုင်း ... ဒိုင်း "
" ရဲရင့်အောင် ဘေးကို လှိမ့်ချထား ... ဘေးကို လှိမ့်ချထား ... ဟေ့ကောင်တွေ နေရာယူစမ်း ... ပြန်ပစ်စမ်း "
ရုတ်တရက် အဆောက်အဦးထဲမှ ထွက်ပေါ်လာသော လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ရှေ့မှ ပွိုင့်သွားနေသော တပ်သားရဲရင့်အောင်၏ ညာဘက် ခြေသလုံး ထိမှန် ဒဏ်ရာရရှိပြီး လဲကျသွား၏။ ဒဏ်ရာရစစ်သည်အား ပြန်လည်ဆွဲယူနိုင်ရန်အတွက် မိမိနှင့် တပ်သား ဇင်ကိုတို့ ရောက်ရာနေရာတွင်ပင် အကာအကွယ်ယူပြီး ပြန်လည် ပစ်ခတ်ခဲ့ကြ၏။ ကျန်စစ်သည်များမှာလည်း နံဘေးရှိ အဆောင်အဦးပျက်များတွင် ပြန်လည်နေရာယူ ပစ်ခတ်ခဲ့ကြသည် ။
ရန်သူကား အဆောက်အဦးများထဲမှ နေ၍ မိမိတို့အား ပစ်ခတ်နေရာ အခြေအနေကား ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေခဲ့ရ၏။ မှောင်စပျိုးအချိန်တွင် ဗ - ရန်နောင်ရှိန်မှ ရန်သူ့နေရာများအား Drone ဖြင့် Drop bomb များ ချ၍ တိုက်ခိုက်ရာ ၎င်းအခြေအနေကို အကာအကွယ်ယူ၍ မိမိတို့အဖွဲ့များ စခန်းသို့ ပြန်ဆုတ်ခဲ့ကြ၏။
ရင်းမှူးမှ မိမိအဖွဲ့အား ခဲယမ်းဖြည့်တင်းပေးခဲ့ပြီး နတ်စင်ဘက်တွင် နေရာယူရန်နှင့် ဗက ဉာဏ်လင်းထွန်းအဖွဲ့အား တံတားဘက် သွားရောက် ပူးပေါင်းစေခဲ့သည်။
ရန်သူကတော့ မိမိတို့နှင့် မီတာ ၅၀၀ ခန့်အကွာ အဆောက်အဦးများမှနေ၍ မိမိတို့နေရာနှင့် စခန်းတွင်းသို့ ပစ်ခတ်တိုက်ခိုက်လျက်ရှိ၏။ မှတ်မှတ်ရရ ယနေ့ ရန်သူ Drop bomb ချသည်မှာ အတော်များသည်။ ဗုံးအလုံးရေ ၁၀၀ ခန့် ရှိမည် ထင်သည်။
မည်သို့ဆိုစေ ... စစ်ကိုလိုလားသူတို့ကား စစ်ကို ဖန်တီးခဲ့ကြလေပြီ။ နာမည်ကျော် ချောင်းနှစ်ခွတိုက်ပွဲကား စတင်ခဲ့လေပြီ ဖြစ်သည်။
( ဆက်ရန် )
မင်းထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment