နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်



MNP ၊ ဇန်နဝါရီ   ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ထုတ်ပြန်ကြေညာထားသည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံသက်တမ်းတိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ အချို့တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများရှိ နယ်မြေများ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွား ခဲ့မှုအခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့် နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအားတည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားသို့ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့် ပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့်ရန်အတွက် ထောက်ခံ ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”  ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)