အဖေ မူးယစ်ရာဇာ၊ သား မူးယစ်ရာဇာနှင့် MNDAA အကြမ်းဖက်မူးယစ်ဂိုဏ်းအဖွဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဖေ မူးယစ်ရာဇာ၊ သား မူးယစ်ရာဇာနှင့် MNDAA အကြမ်းဖက်မူးယစ်ဂိုဏ်းအဖွဲ့









MNDAA အဖွဲ့ဟာ လောက်ကိုင်ကို ၁၀၂၇ စစ်ဆင်ရေး အမည်တပ်ပြီး ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သလဲဆိုတော့ သမိုင်းကြောင်းတွေ ရှိပါတယ်။ အရင်းခံကတော့ ၂၀၀၉ ခုနှစ် (လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်) က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ ရန်လုံ ကျိုင်း၊ စီအော့၊ စီကော်လှံဒေသမှာရှိတဲ့ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် မူးယစ်ရာဇာဂိုဏ်းကို တပ်မတော်က ချေမှုန်းတိုက်ခိုက်ခဲ့ရလို့ ဆုံးရှုံးခဲ့တဲ့ လူမျိုးစု အာဏာပြန်ရဖို့ နဲ့ မူးယစ် ဆေးဝါးအင်ပါယာကြီးတည်ဆောက်ရန် နယ်မြေရလိုမှုကြောင့်ပဲ ဖြစ်ပါတယ်။


မူးယစ်ဂိုဏ်း MNDAA အဖွဲ့အကြောင်းကို အကြမ်းဖျဉ်းပြောရမယ်ဆိုရင်နဂို ကတည်းက ဖုန်ကြားရှင်တို့ဟာ ဗကပ အောက်မှာ ဘိန်းလုပ်ငန်းကို အဓိကထားလုပ်ကိုင် ခဲ့တဲ့ အဖွဲ့အဖြစ် နိုင်ငံတကာက သိထားပြီးဖြစ်ပါတယ်။ ဖုန်ကြားရှင် လက်ထက်မှာ ဗကပမှ ခွဲထွက်ပြီး နဝတအစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ အပစ် အခတ်ရပ်စဲခဲ့တဲ့အတွက် ကိုးကန့်ဒေသကိုလည်း ရှမ်းပြည်နယ်အထူးဒေသ(၁)အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးခဲ့ပါတယ်။


ဒီလို အထူးဒေသ(၁) အဖြစ်သတ်မှတ်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားချိန် ဖုန်ကြားရှင်တို့အဖွဲ့ဟာ ငြိမ်းချမ်းရေးယူထားတာကို အခွင့်ကောင်းယူပြီး လောက်ကိုင် ဒေသမှာ မူးယစ်ဆေးဝါးများထုတ်လုပ်ရောင်းချခြင်းနဲ့ လက်နက်ခဲယမ်းထုတ်လုပ်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒီလိုလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းရတဲ့ အတွက် ရပ်တန်းက ရပ်ဖို့ပြင်းပြင်းထန်ထန်သတိပေးတားဆီးခဲ့ပါတယ်။ ဒီလို သတိပေးခဲ့ပေမယ့် ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ မူးယစ်ရာဇာ MNDAA အဖွဲ့ဟာ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်နေတဲ့အပြင် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း တွေ လုပ်ဆောင်လာတဲ့အတွက် တပ်မတော်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နယ်မြေ ရှင်းလင်း၍ ရဲတပ်ဖွဲ့ဝင်များအား ကယ်ဆယ်ရေးလုပ်ငန်းအစီအမံများချမှတ်ကာ ပြတ်ပြတ် သားသားချေမှုန်းခဲ့ပါတယ်။


တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း MNDAA ရဲ့မူးယစ်ဆေးဝါးလုပ်ကိုင်မှု များကို ဖော်ထုတ်နိုင်ခဲ့လို့ ဖုန်ကျားရှင်တို့ဟာ ဥပဒေဘောင်ပြင်ပကို ရောက်ရှိသွားပြီး လက်နက်ကိုင်‌ သောင်းကျန်းသူဘဝ ကိုတကျော့ပြန်ရောက်ရှိသွားပါတော့တယ်။ ဖော်ထုတ်ရရှိမှုများအနေနဲ့ ၂ဝဝ၉ စက်တင်ဘာလ ၆ ရက်နေ့မှာ ဖုန်ကြားရှင်၏နေအိမ် စတိုးခန်းများအတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅)ဂါလံဝင်(၉)ပုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်(၁.၅)ဂါလံဝင် (၁၆)ပုံး၊ ဆာလဖြူရစ်အက်ဆစ်(၅)ဂါလံဝင် (၁၉)ပုံး၊ ဆိုဒီယမ် ဖော့စဖိတ်(၂၅)ကီလိုဂရမ် (၃)အိတ်တို့အား သိမ်းဆည်းရမိခဲ့သလို ဖုန်ကြားရှင်နေအိမ်အနီးမှာရှိတဲ့ လက်နက်စက်ရုံ အတွင်းမှလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်(၅)ဂါလံဝင်(၃)ပုံး၊ အက်စီတုံးအက်ဆစ်(၃)ဂါလံဝင်(၁)ပုံး၊ ဆာလဖြူရစ်အက်ဆစ် (၅)ဂါလံဝင်(၁၁)ပုံး၊ ဆာလဖြူရစ်အက်ဆစ်(၂)ဂါလံဝင်(၁)ပုံး၊ အက်ဆစ်ပျော့(၁ဝ)ဂါလံဝင် (၁)ပုံး၊ အေအေအက်ဆစ်(၅)ဂါလံဝင်(၃ဝ)ပုံး၊ ဆိုဒီယမ် အယ်လကာလီ(၅၂)ဂါလံဝင်(၉) ပေပါ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။


ဒါ့အပြင် ၂ဝဝ၉ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဖုန်ကြားရှင်၏သားဖြစ်သူ (ယခုMNDAA အကြမ်းဖက်အဖွဲ့ကို ဦးဆောင်နေသူ) ဖုန်တာရွှင်၏ နေအိမ်ခြံဝန်းအတွင်းမှ မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုတဲ့ ဓါတုဆေးရည်(၅)ဂါလံဝင် ပလပ်စတစ်ပုံး(၁ဝ)ပုံးအား ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။နောက်ထပ်လည်းဖုန်ကြားရှင်ရဲ့ ဆဌမမြောက်ညီ ဖုန်လူ၏နေအိမ်ခြံဝန်း ထဲက ဂိုဒေါင်ထဲမှာ မူးယစ်ဆေးဝါးချက်စက်ရုံလုပ်ထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အက်ဆစ်ပေပါမျိုးစုံ ရာနှင့်ချီကာ သိမ်းဆည်းရမိခဲ့ပြန်ပါသေးတယ်။


ယခုဖော်ပြခဲ့တဲ့နေရာတွေကတော့ ဖုန်ကြားရှင်တို့အဖွဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာများထဲက(၃)ခုသာ ဖော်ပြထားခြင်းဖြစ်ပြီး လောက်ကိုင်၊ ရန်လုံကျိုင်း၊ စီအော့၊ စီကော်လှံဒေသအတွင်း ၎င်းတို့အဖွဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စက်ရုံ(၂၈) ရုံ တွေ့ရှိခဲ့ပြီး တပ်မတော်မှ မူးယစ်ဆေးဝါးစက်ရုံအားလုံးကို ဖျက်ဆီးတိုက်ဖျက်ချေမှုန်းနိုင်ခဲ့ပါတယ်။


တပ်မတော်မှ ဖျက်ဆီးချေမှုန်းခဲ့တဲ့ ဖုန်ကြားရှင်အဖွဲ့ရဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများဟာ အဲဒီကာလတန်ဖိုးအနေဖြင့် (၇၆၅,၉၅၅,၆၈ဝ)ကျပ် ခန့်ရှိပါတယ်။ အဆိုပါကာလတုန်းက ၁ ဒေါ်လာရဲ့တန်ဖိုးဟာ အစိုးရဈေး ၆ ကျပ် သာဖြစ်လို့၊ ယခုကာလ ပေါက်ဈေးနဲ့ တွက်ချက်ပါက ကျပ် ၃၀၃ ဘီလီယံ ခန့်ရှိပါတယ်။ယခုလိုတပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းကြောင့် မူးယစ်ရာဇာ ဖုန်ကြားရှင်မိသားစုများနဲ့ ၎င်းလက်အောက်ခံအဖွဲ့ဟာ လက်နက်တွေစွန့်ပစ်ပြီး လောက်ကိုင်ဒေသကနေ တရုတ်နိုင်ငံထဲကို ခြေလွတ်လက်လွတ်ထွက်ပြေးသွား ခဲ့ကြရပါတယ်။ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်များအား ကယ်တင်နိုင်ခဲ့ပါတယ်။


နာမည်ကြီးမူးယစ်ရာဇာတစ်ယောက်ဖြစ်တဲ့ ဖုန်ကျားရှင်တို့မိသားစုနဲ့ အပေါင်းအပါ တွေဟာ တပ်မတော်ရဲ့ ချေမှုန်းခြင်းကို ခံရမှုကြောင့် နှစ်အတန်ကြာ ပျောက်ကွယ်သွားခဲ့ပေမယ့် ၎င်းပျောက်ကွယ်နေတဲ့အချိန်အတွင်းမှာ အင်အား စုစည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်ကျော့ပြန် လောက်ကိုင်စစ်ပွဲများပြန်ဖြစ်လာခဲ့ပါတယ်။ သိုပေမယ့် ၂၀၁၅ တိုက်ပွဲမှာလည်း ဖုန်ကြားရှင်ရဲ့ တစ်ကျော့ပြန် မူးယစ်ရာဇာအိပ်မက်ကို တပ်မတော်က ရိုက်ချိုးခဲ့ပြန်ပါတယ်။


အမြဲတမ်းရှုံးနိမ့်နေခဲ့တဲ့ မူးယစ်ရာဇာ ဖုန်ကြားရှင်တစ်ယောက် ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှာ သူ့သားမက်ရှိရာ မိုင်းလားမြို့မှာ သေဆုံးသွားခဲ့ပြီး ၎င်းနေရာကို သားဖြစ်သူ မူးယစ်ရာဇာ ဖုန်တာရွှင်က လွှဲပြောင်းယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက တပ်ရင်းမှူးအဆင့်သာရှိသေးတဲ့ ဖုန်တာရွှင်ဟာ မူးယစ် ဆေးဝါးရောင်းဝယ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး နဝတအစိုးရနဲ့ သဘောထား တင်းမာသူဖြစ်ပါတယ်။ ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းသို့ အခြားလက်နက်ကိုင် အဖွဲ့များမှ တဆင့်ရောင်းဝယ် ဖောက်ကားခြင်း၊ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ မူးယစ်ရာဇာ ဖုန်တာရွှင်ဟာ တရုတ်အစိုးရ၏ မျက်ခြေမပြတ် စောင့်ကြည့်ခြင်းကိုခံရပြီး မူးယစ်ဆေးဝါးများအား တရုတ်နိုင်ငံတွင်း ၎င်းမှ တိုက်ရိုက်ဖြန့်ချိရောင်းချတဲ့ သက်သေအထောက်အထားမရှိတဲ့အတွက် တရုတ်တို့က ဖုန်တာရွှင်အား မူးယစ်ရာဇာအဖြစ် မသတ်မှတ်သော်လည်း ၂၀၂၂ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာမှာတော့ MNDAA အဖွဲ့ဟာ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှု လုပ်နေကြောင်း အခိုင်အမာဖော်ပြထားပြီး DEA (Drug Enforcement Administration) အဖွဲ့၏ မူးယစ်ရာဇာစာရင်းတွင် ဖုန်တာရွှင် ပါဝင်လာခဲ့ပါတယ်။


ဖုန်တာရွှင်ဟာ ၂၀၀၉ ခုနှစ်က ၎င်းပိုင် မူးယစ်ဆေးဝါးစက်ရုံ (၂၈)ရုံ ဖျက်ဆီးခံလိုက် ရသောကြောင့် မြန်မာအစိုးရအပေါ် အလွန်အမင်း နာကြည်းစိတ်ရှိသူဖြစ်ပါတယ်။ ဖုန်ကြားရှင်သေသွားပြီး သူခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာတော့ MNDAA အဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာမှ ရရှိလာသောငွေများဖြင့် လူ/လက်နက် အင်အားကို အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ တပ်မတော်ရဲ့ စခန်းတွေ၊ ဌာနချုပ်တွေကို အလစ်အငိုက်ယူ၍ တစ်ချိန်တည်း တပြိုင်တည်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတော့တယ်။


ဆိုချင်တာက MNDD ခေါင်းဆောင်တဲ့ မြောက်ပိုင်း(၃)ဖွဲ့က တပ်မတော်ကိုတိုက်ခိုက် တာဟာ တပ်မတော်က အာဏာထိမ်းသိမ်းလို့ အန်ယူဂျီပြည်ပြေးတွေအတွက် တိုက်ခိုက်တာမဟုတ်သလို တရုတ်အစိုးရအတွက် ကျားဖြန် လုပ်ငန်းရှင်းလင်းရေး ဆိုတာလည်း ခေါင်းစဉ်ပြယုံသက်သက်ပါပဲ။ ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်မတိုင်မီ ကာလကလို မူးယစ်ဆေးများဝါးများ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့နဲ့ လူမျိူးစုပ‌‌ဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ဖို့နယ်မြေကို ရယူလိုမှုအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းပြပြီး တိုက် ကွက်ဖော်နေတာ ဖြစ်ပါတယ်။


ကွန်မြူနစ်ပါသူပုန်က မွေးထုတ်ပေးလိုက်တာတောင် ဒီမိုကရေစီ နာမည်ကို ရအောင်ယူသုံးပြီး ဆယ်စုနှစ်များစွာ မူးယစ်ဆေးဝါးလုပ်ငန်းကိုသာ လုပ်ကိုင်နေတဲ့ MNDD ခေါင်းဆောင် ဖုန်တာရွှင်က သူ့အဖေဖုန်ကြားရှင်ရှိစဉ်ကလို မူးယစ်ရာဇာဘွဲ့ခံပြီး စည်းစိမ်ချမ်းသာ ကြွယ်ဝမှုများနဲ့ ပဒေသရာဇ် အာဏာရှင် ဘဝကို ပြန်လည်မျှော်ကိုးရင်း တိုက်နေတဲ့ဒီတိုက်ပွဲမှာ နိဂုံးဘယ်လိုချုပ်မလဲ စောင့်ကြည့်ကြတာပေါ့။ အချိန်က စကား ပြောသွားမှာပါ။


ကိုသက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)