မိုင်းဆတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းကျန်းမာရေးဆိုင်ရာ ခရိုင်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်က ကျောင်းကျန်းမာရေး စစ်ဆေးချိန်တွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်း၏ စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်း တင်နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူကလေးများတွင် အဖြစ်များသော ကျန်းမာရေးဆိုင်ရာ ရောဂါ များကို ဖော်ထုတ်သိရှိနိုင်စေရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဌာနမှ ဆရာမဒေါ်ဥမ္မာမြင့်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉) ရပ်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးဆိုင်ရာသင်တန်းကို မိုင်းဆတ်ခရိုင်အတွင်းရှိ ဆရာ၊ ဆရာမ (၁၉၄) ဦးအား သင်တန်းနည်းပြ (၄) ဦးဖြင့် မတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment