တိုကျို၊ မတ် ၁၂
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ် ခဲ့သည့် ပြင်းအား ၇.၆ အဆင့်ရှိ မြေငလျင်ဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအစိုးရ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသော ဂျပန်ယန်းငွေ ၁၄,၉၄၂,၀၀၀/- အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် သံအမတ်ကြီး ဦးစိုးဟန်မှ မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှု သမိုင်းကြောင်းရှည်ကြာသော မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး သဘာဝဘေးအန္တရာယ်ကဲ့သို့သော အခက်အခဲကျရောက်သည့် အချိန်များတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား အပြန်အလှန်ကူညီခဲ့ကြသည့် သမိုင်းကြောင်း ရှိခဲ့ပါကြောင်း၊ ယခု ဂျပန်နိုင်ငံ အီရှီကာဝါပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် ထိခိုက်ပျက်စီးမှု များပြားသလို အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ပါကြောင်း၊ အဆိုပါမြေငလျင် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများအတွက် ဂျပန်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ ပါဝင်လှူဒါန်းမှုသည် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike မှလည်း အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်အတွက် မြန်မာအစိုးရမှ ဒေါ်လာ ၁ သိန်းလှူဒါန်းသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ တစ်နိုင်ငံက အကူအညီလိုအပ်နေချိန်တွင် အပြန်အလှန် အကူအညီပေးအပ်ခြင်းသည် မြန်မာပြည်သူလူထုနှင့် ဂျပန်ပြည်သူလူထုတို့ အကြားခိုင်မာသည့် ရင်းနှီးချစ်ကြည်မှုကို ပြသနေခြင်းဖြစ်ပါကြောင်း၊ မြန်မာအစိုးရ၏ ယခု လှူဒါန်းငွေသည် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပြောကြား ခဲ့ပါသည်။
ထို့နောက် လှူဒါန်းမှုလက်ခံရရှိကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းစာကို ဂျပန် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Atsushi Seike မှ ပေးအပ်ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
#News




No comments:
Post a Comment