ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်း ရောင်းချပွဲပြုလုပ် ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ပြုံးပျော်ရွှင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်း ရောင်းချပွဲပြုလုပ် ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ပြုံးပျော်ရွှင်

 


ပွင့်ဖြူ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပ ပြုလုပ်သည့် ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ကံသာကြီးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြပြီး လာရောက်ရောင်းချသည့် တောင်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။

အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပသည့် ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီမှ  တာဝန်ခံ ဦးစည်သူထွန်းနှင့် ဝန်ထမ်းများအဖွဲ့က Good Brother သီးနှံရောင်းဝယ်ရေး ကုမ္ပဏီ၊ တိုင်းဒေသကြီးတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းကစပြီး ဝယ်ယူပေးနေခြင်းဖြစ်ကြောင်း၊ ပဲမျိုးစုံသီးနှံများ ဝယ်ယူရာ၌ ပဲအမျိုးအစားအလိုက် (A,B,C) နှင့် အခြားအဆင့်ဟူ၍ အမျိုးအစားခွဲ၍ ဝယ်ယူကြောင်း သိရသည်။ ဝယ်ယူမှု ဈေးနှုန်းအနေဖြင့် ကုလားပဲ (A) အဆင့် တစ်တင်းလျှင် ငွေကျပ် (၈၆၀၀၀)၊ (B) အဆင့် (၈၅၀၀၀)၊ ထောပတ်ပဲ(ထိပ်စ) တစ်တင်းလျှင် ငွေကျပ် (၁၁၉၀၀၀)၊ စား‌တော်ပဲသီးနှံ (ထိပ်စ) တစ်တင်းလျှင် ငွေကျပ် (၁၀၃၀၀၀) ဈေးနှုန်းဖြင့် အသီးသီးဈေးဖွင့်၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသထွက် ပဲမျိုးစုံသီးနှံတွေကို မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေး ကုမ္ပဏီက ဈေးကောင်းပေးပြီး လာရောက်ဝယ်ယူပါတယ်။ ယခုလို ကျွန်တော်တို့မြို့နယ်အထိ လာရောက်ဝယ်ယူတဲ့အတွက် ဒေသတွင်းရှိ ပဲမျိုးစုံသီးနှံရောင်းချလိုတဲ့ တောင်သူတွေ အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ ရောင်းချခွင့်ရလို့ အဆင်ပြေကြပါတယ်။ သီးနှံများ ဝယ်ယူရာတွင်လည်း တောင်သူတွေ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် မြင့်မြတ်တော်ဝင်ကုမ္ပဏီက Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီ၊ တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုလို တောင်သူများ သီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ရက်ပေါင်း (၃၀) ကြာ ဝယ်ယူသွားဖို့ စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။  ပဲမျိုးစုံသီးနှံများ ဝယ်ယူရာမှာ သီးနှံအမျိုးအစားအလိုက် (A,B,C) နှင့် အခြား အဆင့် ဟူ၍ အမျိုးအစားခွဲပြီးတော့ ဝယ်ယူတာဖြစ်ပြီး ကုလားပဲသီးနှံ(A - အဆင့်)က တစ်တင်းကို (၈၆၀၀၀) ကျပ်၊ (B - အဆင့်)က တစ်တင်းကို (၈၅၀၀၀) ကျပ်၊ ထောပတ်ပဲ(ထိပ်စ) တစ်တင်းကို (၁၁၉၀၀၀) ကျပ်၊ စားတော်ပဲသီးနှံ (ထိပ်စ) တစ်တင်းကို ငွေကျပ် (၁၀၃၀၀၀) ကျပ် ဈေးနှုန်းနဲ့ ဝယ်ယူပေးတာ ဖြစ်ပါတယ်။  သီးနှံဝယ်ယူခြင်းကို နေ့စဉ် နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ ဝယ်ယူပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် သီးနှံများလာရောက် ရောင်းချတဲ့သူတွေလည်း အရမ်းများတယ်။ ဈေးကောင်းလဲ ရရှိလို့ ဒေသခံ တောင်သူတွေ ဝမ်းသာပျော်ရွှင်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆) အုပ်စုရှိပြီး ကျေးရွာပေါင်း (၂၀၅) ရွာ ရှိကာ ဒေသခံ ကျေးလက်နေပြည်သူများမှာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံသီးနှံ၊ ဖူးစားပြောင်းနှင့်အခြား ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ပဲမျိုးစုံသီးနှံစိုက်ခင်းများမှာ သီးနှံပိုးမွှားရောဂါ ကျရောက်မှုရှိသည့်အတွက် အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းကောင်းမွန်ကာ သီးနှံပေါ်ဦးပေါ်ဖျားတွင် ပဲမျိုးစုံသီးနှံများကို ရောင်းချရာ၌ ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။      


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)