၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ်











ပဲခူး၊ ဧပြီ ၂၃

ပဲခူးမြို့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထံမှ ဩဝါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အညွန့်အဖူးလေးများဖြစ်သည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များဖြစ်စေ ရေးအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြတ်သောအနာဂတ်၊ မြင့်မြတ်သော အကျင့်စာရိတ္တ တို့နှင့်ပြည့်စုံစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးနိုင်ရေး လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုလို ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများ ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း၊ လူရည်ချွန်မောင်/မယ်များ အနေဖြင့် သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအား ထားယုံကြည်မှုစသည့် စိတ်ဓါတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓါတ် နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား/သူများနှင့် ကြီးကြပ်ဆရာ/ဆရာမများ စုစုပေါင်း(၅၆)ဦးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေကျပ်(၅၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားတစ်ဦးက ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး သက်ဆိုင်ရာ လူရည်ချွန်စခန်း အသီးသီးသို့ ထွက်ခွာမည့် လူရည်ချွန် ကျောင်းသား/သူများအား လက်ပြနှုတ်ဆက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း များမှ ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား/သူ(၄၈)ဦး၊ ကြီးကြပ်ဆရာ(၈)ဦးအား ပုဂံ၊ တောင်ကြီး၊ ချောင်းသာနှင့် ငွေဆောင် လူရည်ချွန်စခန်းအသီးသီးသို့ ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။


#ပဲခူးတိုင်းဌာနေ #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)