ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်၊ မေ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစနစ်ကို အသုံးပြု၍ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ရှေ့ပြေးစီမံချက်ဖြင့် ကောက်ယူရရှိထားသည့် အခြေခံလူဦးရေစာရင်းများကို ဆာဗာအတွင်း ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများကို သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ပုံစံအတိုင်း လေးကြိမ်စမ်းသပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊၊


လက်ရှိအချိန်တွင် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ပေးပို့လာသည့် အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Admin and DEO Software)နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်(CVLMS)တို့ကို အသုံးပြု၍ မြို့နယ်အလိုက် စာရင်းထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေကြောင်း၊ ထို့ပြင်သန်းခေါင် စာရင်းကောက်ယူပြီး ရရှိလာမည့် နောက်ဆုံးလူဦးရေ စာရင်းကိုလည်း အလားတူဆောင်ရွက်ကာ မဲစာရင်းကူးပြောင်းပေးရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ မဲစာရင်းများကို ဆာဗာထဲထည့်သွင်းအတည်ပြုပြီးပါက လေးလတစ်ကြိမ် ပုံမှန်ပြင်ဆင်ပေးခြင်းဖြင့် အမြဲရှင်သန်နေသောမဲစာရင်း (Dynamic Voter List) ကိုရရှိရန် ရည်မှန်းထားကြောင်း၊ DVL သည် Online တွင် အမြဲရှိနေမည်ဖြစ်ကြောင်း၊ ပုံစံ (၆၆/၆) လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းမှန်မှ မဲစာရင်းမှန်မည်ဖြစ်ကြောင်း၊ လူဦးရေစာရင်းနှစ်ခု၏ သဘောသဘာဝသည် ပြောင်းလဲနေ တတ်ပါကြောင်း၊ မဲစာရင်းကိုလည်း မကြာမကြာ ပြင်ပေးနေရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို CVLMS နှင့် DEO Software တို့ဖြင့် ဆောင်ရွက်နေမှုအခြေအနေ၊ ထည့်သွင်းပြီးသည့်စာရင်းများကို သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် စိစစ်ဆောင်ရွက်မည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များက မဲရုံများ ခွဲဝေသတ်မှတ်ရာတွင် အခြေခံဆောင်ရွက်ရမည့်အချက်များ၊ မဲရုံခွဲဝေသတ်မှတ်ခြင်းကို စမ်းသပ်ညှိနှိုင်းဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသည့် အခြေအနေများ၊ လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် တွေ့ရှိရသည့် အခက်အခဲများ၊ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။


ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက မဲရုံလျာထားမှုနှင့် CVLMS စနစ်ဖြင့် ဆောင်ရွက်မှုအခြေအနေတို့ကို ပါဝါပွိုင့်ဖြင့် လည်းကောင်း၊ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တာဝန်ခံကော်မရှင် အဖွဲ့ဝင်များက ဖြည့်စွက်တင်ပြကြ သည်။


တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး တင်ပြကြပြီး အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်က ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားက အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲ အရာရှိများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။       


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)