ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ မေ ၂၄

ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများအလိုက် ရန်ပုံငွေထည့်သွင်းလျာထား၍ ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ယာယီနေရပ်စွန့်ခွာမှုများနှင့် အကြမ်းဖက်အဖွဲ့များ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သောအခက်အခဲများကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ IDP၊ တိုက်ပွဲရှောင်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိမ်းရှောင်သူများ၏ အခြေခံလိုအပ်ချက်များကို ပြည်ထောင်စု၊ ပြည်နယ်နှင့်စေတနာရှင် အလှူရှင်များပေါင်းစပ်၍ တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။


ယာယီနေရပ်စွန့်ခွာသူများကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အကူအညီများ ရရှိလာပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် လုံခြုံရေး၊ ပို့ဆောင်ရေး၊ ဖြန့်ဝေရေး၊ မလိုလားအပ်သူများထံ ရောက်ရှိမသွားစေရေး အစရှိသည့်ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြပ်မတ်ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာဆောင်ရွက်နိုင်ခဲ့မှုကြောင့် ငါးလကျော်ကာလအတွင်း စုစုပေါင်းအိမ်ထောင်စု ၄၇၈၈ စု၊ လူဦးရေ ၁၈၄၆၈ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရာစခန်း/ စုရပ် ၆၉ ခုကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးမှုများအဖြစ် စုစုပေါင်း ငွေကျပ် ၄၇၉၀ ဒသမ ၅၈၈ သန်း တန်ဖိုးရှိစားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်း၊ ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်/ ကျောင်းဆောက်လုပ်ရေးပစ္စည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ခြင်းများကို အဆုံးသတ်စေနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော နယ်မြေတည်ငြိမ်အေးချမ်းမှု အမြန်ရရှိနိုင်ရေးအတွက်လည်း ဦးတည်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိရှိ မှီခိုမှုကင်းစွာဖြင့် ရပ်တည်နေထိုင် သွားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ များစွာအထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာ ရန်ပုံငွေများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ထိရောက်ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌက ယာယီခိုလှုံရာ စခန်း/ စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ လူမှုရေးဆိုင်ရာပံ့ပိုးမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးမှု၊ မူလနေရပ်သို့ ပြန်လည်နေထိုင်သူများအတွက် လတ်တလောလိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိမှု၊ အမျိုးသားအဆင့်ကော်မတီတွင် ရန်ပုံငွေထူထောင်ရေး ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်တွင်းနေရပ် စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူများက အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)