ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအစည်းအဝေးတက်ရောက်


နေပြည်တော်၊ မေ ၂၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်၍ online ဖြင့် ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ (၄) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို အတည်ပြုချမှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာအကျိုးပြုလျက်ရှိသော်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေခံလူမှုဖူလုံရေး အစီအစဉ်များ ပါဝင်နိုင်ရန်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်လျက်ရှိပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်စေရေး၊ လူမှုကာကွယ်ရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများနှင့်အညီ ရရှိ ခံစားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ပြည်သူလူထုအားလုံးအနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ရရှိပိုင်ခွင့်ရှိပါကြောင်း၊ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအတွက် လွှဲပြောင်းရယူနိုင်သော လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး အကောင်အထည်ဖော်မည့် အစီအမံများဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံးဆိုင်ရာဘေးကင်း၍ စနစ်ကျသည့် ပုံမှန်ရွှေ့ပြောင်းသွားလာမှုများ ဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အတည်ပြု ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအသင်း International Social Security Association (ISSA) အဖွဲ့သို့ ၁၉၅၇ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပါကြောင်းနှင့် အာဆီယံလူမှုဖူလုံရေးအဖွဲ့အစည်းသို့ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားများအားလုံး၏ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အားလုံး၏ ကတိကဝတ်များနှင့် စုပေါင်းဆုံးဖြတ်ချက်များဖြင့် အမျိုးသားအဆင့်နှင့် ဒေသတွင်းအဆင့်တွင် ထိရောက်ကောင်းမွန်သည့် လွှဲပြောင်းရယူနိုင်သော လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်သည့် ကောင်းမွန်သော စိတ်ဓာတ်နှင့်အတူ ရွှေ့ပြောင်း အလုပ်သမားများ၏ လူနေမှုဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေး၊ ပိုမိုကြွယ်ဝချမ်းသာလာသည့် ဒေသဖြစ်စေရေးတို့အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် နံနက်ပိုင်းတွင် ကျင်းပသည့် (၇) ကြိမ်မြောက် အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း တက်ရောက်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အခြေအနေများနှင့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးခံစားခွင့်များ လွှဲပြောင်းရယူနိုင်သည့် လူမှုဖူလုံရေးစနစ်နှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ကျင့်သုံးမှုများ၊ အတွေ့အကြုံများနှင့် ပတ်သက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ ကြေညာစာတမ်းအပေါ် ဆွေးနွေးခြင်းနှင့် အကြံပြုသုံးသပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၄) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေး၌ လာအိုပြည်သူ့သမ္မတနိုင်ငံ အလုပ်သမားရေးရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူက(၇)ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးမှုများကို အနှစ်ချုပ်ဆွေးနွေးခဲ့မှုအပေါ် တက်ရောက်လာသည့် ဝန်ကြီးများက ဆွေးနွေးအကြံပြု သုံးသပ်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမား များအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြသည်။

အစည်းအဝေးများသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများရှိ အလုပ်သမားဝန်ကြီးများနှင့် အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)