မြောင်းမြ ၊ မေ ၂၄
ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြောင်းမြမြို့၊ ကုန်းသာကျေးရွာ အုပ်စု၊ မြို့ဟောင်းကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကုန်းသာကျေးရွာမှ ဘုရားနီ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်နှင့် မြု့ဟောင်းကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုနယ် မြေ မုခ်ဦးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ဝေလင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကဗ္ဗည်းကျောက်စာ တိုင်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ဟောင်းကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကုန်းသာကျေးရွာမှ ဘုရားနီကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား အတိုင်းအတာအားဖြင့် အရှည်ပေ (၅၆၃၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေမှ သိန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေ သိန်း (၁၂၀၀)၊ စုစုပေါင်း ကျပ်သိန်း (၁၃၅၀) ကုန်ကျခံ၍ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထည့်ဝင်ဖောက်လုပ်ခဲ့ပြီး၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မုခ်ဦးဆိုင်းဘုတ် အား အမြင့် (၁၈) ပေ၊ အကျယ် (၃၀) ပေ အား မြောင်းမြမြို့မှ အလှူရှင်တစ်ဦးက ကျပ်သိန်းပေါင်း (၂၄၀) ကုန်ကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment