မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်






မကွေး၊ ဇွန် ၁၀

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူလေးများက “ပန်းတိုင်းပွင့်ရာ တို့ကျောင်းသာ” တေးသီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးပညာရေးဒီဂရီကောလိပ်တွင် ဇွန်လ (၃)ရက်နေ့မှစ၍ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းအမှတ်စဉ် PPTT (၁၁/၂၀၂၄) သင်တန်းသား/သူ (၃၂၂)ဦးနှင့်အတူ ပုံမှန်အတန်း ကျောင်းသား/သူ (၈၄၃)ဦး၊ စုစုပေါင်း (၁၁၆၅)ဦး တက်ရောက်ပညာသင်ယူလျက်ရှိသည်ကို သိရှိရပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်လျက်ရှိရာမှာ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးလျက်ရှိပြီး  နိုင်ငံတော်ကို တည်ဆောက်ရေးတွင် လိုအပ်နေသော အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှု စဉ်ဆက်မပြတ် ကောင်းမွန်နေရန် ဆောင်ရွက်လျက်ရှိသည်ကို သိရှိထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုနိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို အဆင့်မြင့်ပညာများ လေ့ကျင့်သင်ကြားပေးရာ တက္ကသိုလ်၊ ကောလိပ်များက ပြုစုပျိုးထောင်မွေးထုတ်ပေးခြင်းဖြစ်ရာ တန်းစဉ်လိုက်မှန်မှန် ကူးပြောင်းရောက်ရှိနိုင်မှသာ အဆင့်မြင့်ပညာ သင်ယူခွင့်ရသူ တိုးတက်များပြားလာပြီး နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးတွင် ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ လက်အောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများ အပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ တက္ကသိုလ်ပညာသင်ယူမှုအတွေ့အကြုံများက ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအတွက် အရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံးသူတစ်လုံးရပ်တည်ရှင်သန်နိုင်စေရန်နှင့် နိုင်ငံအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာစေရန်လိုအပ်သော အရည်အသွေး၊ အရည်အချင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေကို တန်ဖိုးထားပြီး တစိုက်မတ်မတ်ဖတ်ရှုလေ့လာကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အတ္တနှင့်ပရမျှတသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံ၏အနာဂတ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ကျောင်းသူလေးများက “သနပ်ခါး”တေးသီချင်းနှင့် “ပညာပန်းတို့ လန်းရာမြေ”တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်ခဲ့သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်းခါးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)