ကျိုက်လတ်၊ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးကော်မတီအနေဖြင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာမည်ဆိုပါက ပျက်စီးဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များကို မပြတ်ကြည့်ရှုနေသင့်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ခိုလှုံရာနေရာစီစဉ်ထားပြီး အချိန်နှင့်တပြေးညီ သတင်းပို့ဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု သတင်းအမှန်ရရှိစေရေး၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီရောက်ရှိစေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီဆောင်ရွက်သွားကြရန်စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက မိမိတို့နှင့်သက်ဆိုင်သည့် ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment