ချောင်းဆုံ ၊ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုခ်ဦးအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘင်ခရာ၊ ပန်ပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
ထို့နောက် မွန်ပြည်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက်တန်းနှင့် အလယ်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားများတွင် ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ ကျောင်းစာကြည့်တိုက်နှင့် စာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို သီရိရတနာခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့် ဧည်ခံဖျော်ဖြေကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးရေး၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရေးနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်ကာ ယခုပွဲတော်အား ကျင်းပရခြင်းဖြစ်ကြောင်း၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားကာ စာဖတ်သည့်အလေ့အကျင့် ရရှိစေမည်ဖြစ်ပြီး စကားရည်လု၊ ကျပန်းစကားပြော၊ ပုံပြင်နှင့် ကဗျာပြိုင်ပွဲများ ကျင်းပပေးခြင်းသည် ဉာဏစွမ်းရည်ကိုဖွံ့ဖြိုးစေရေးနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်များကို အထောက်အပံ့ဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀)အားပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလက်ခံရယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် အလှူရှင်များလှူဒါန်းသော အလှူငွေများပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်လက်ခံရယူကာ အလှူငွေများ၊ စာအုပ်စာစောင်များနှင့် အာဟာရမုန့်များကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်အရောင်ဆိုင်းများမှ ရောင်းချသော စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment