ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအထူးဇုန်များ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအထူးဇုန်များ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြောကြား


နေပြည်တော်၊ ဩဂုတ် ၂၂

ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနဌာနခွဲ ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်များအနေဖြင့် ဧရိယာအလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံအမျိုးအစား ခွဲခြားစိစစ်ပြီး စိုက်ပျိုးမြေဧရိယာ စာရင်းဇယားအမှန်ကို ပြန်လည်စိစစ်ရန်လိုကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံး ကွက်ပြည့်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် လက်ရှိစိုက်ပျိုးမြေတစ်ဧကချင်းကို အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ပြီး အဓိကသီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်ရရှိရေး အလေးထားဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အချို့ဒေသတွင် ထုတ်လုပ်မှုကျဆင်းနိုင်သော်လည်း အခြားဒေသများ၏ ထုတ်လုပ်မှုမြှင့် တင်နိုင်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ စုစုပေါင်းစိုက်ပျိုး ထုတ်လုပ်မှုကို နှစ်အလိုက်တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအထူးဇုန်များ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ဆီထွက်သီးနှံအထူးဇုန်ပြင်ပ ပုံမှန်စိုက်ပျိုးလျက်ရှိသည့် ဧရိယာအားလုံး ပုံမှန်အထွက်နှုန်းအောက် ကျဆင်းမှုမရှိစေရန်ကိုလည်း ကြိုးပမ်းကြရန် လိုအပ်ကြောင်း။

စိုက်ပျိုးသည့်သီးနှံ တစ်ဧကချင်းအပေါ်၌ ဆီအများဆုံးပမာဏ ထုတ်လုပ်ပေးနိုင်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးခြင်းကို မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်သဖြင့် တောင်သူများကိုယ်တိုင် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် တက်ကြွစွာဆောင်ရွက်လုပ်ကိုင်လာစေရေး ဆွေးနွေးစည်းရုံး အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တောင်သူ၏ စိတ်ဝင်တစား စိုက်ပျိုးလိုမှု ဖြစ်ပေါ်လာစေရေးနှင့် နောက်ရာသီများတွင် နေကြာသီးနှံကို အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူ့ဝင်ငွေတွက်ခြေကိုက်စေမည့် နေကြာအထွက်နှုန်း ရရှိစေရေးအတွက် မြေဆီလွှာစမ်းသပ်စစ်ဆေးပေးခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ရရှိရေးနှင့် အသုံးပြုသင့်သည့် သွင်းအားစုမြေဩဇာအမျိုးအစား အချိုးအဆ ထောက်ခံချက်ပေးခြင်းစသဖြင့် မိမိတို့စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အတူ နေကြာသီးနှံစိုက်ပျိုးဖြစ်ထွန်းရန် အလားအလာကောင်းသည့် စိုက်ပျိုးမြေဧရိယာ ရွေးချယ်သတ်မှတ်ခြင်းနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့် ဂွမ်းမွေးအရည်အသွေး ထုတ်လုပ်ပေးနိုင်စေရန် ပြည်ပဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်း စပ်မျိုးချည်မျှင်ရှည်ဝါကို ဝါသီးနှံစိုက်ဧရိယာ၏ ၁၀ ရာနှုန်း စိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် ပြည်တွင်းမျိုး ၈၀ ရာနှုန်းနှင့် ပြည်ပမျိုး စပ်မျိုးချည်မျှင်ရှည်ဝါ ၂၀ ရာနှုန်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံဈေးနှုန်း မှန်ကန်စွာရရှိမှသာ အရည်အသွေးကောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့ဖော်ဆောင်နိုင်မည်ဖြစ်၍ ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်ပိုင်ရှင်များ၊ အဝယ်တော်များနှင့် တောင်သူများအကြား A- Grade, B-Grade , C-Grade စသည့် အရည်အသွေးကို အခြေခံသည့် ဈေးကွက်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းကြပ်မတ်ပေးရန် လိုအပ်ကြောင်း။

ဝါသီးနှံပန်းတိုင်အထွက်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အပင်ပြုစုခြင်း၊ ရေသွင်းခြင်း၊ ဆွတ်ခူးခြင်းဆိုင်ရာ နည်းပညာပေးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝါစေ့ဆီထုတ်လုပ်မှုကို ထိထိရောက်ရောက် အားပေးဆောင်ရွက်ရန်လိုအပ်ပြီး မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုသည့်လုပ်ငန်းအား ပြဋ္ဌာန်းထားသည့် မျိုးစေ့ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် စပ်မျိုးဝါစေ့များကို မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုခြင်းမရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ယမန်နှစ်က အခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်အတွက် သတ်မှတ်ထားသော လျာထားဧကပြည့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန်ဖြစ်ကြောင်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုအပေါ် ဒေသအခြေအနေကို အခြေခံ ၍ ပြန်လည်ကုစားနိုင်မည့်နည်းလမ်းကို တောင်သူများ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများက ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး အတွက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ဆွေးနွေးတင်ပြကာ ဒုတိယဝန်ကြီးများက လုပ်ငန်းရပ်တစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားကြသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ (၁ ဒသမ ၅)သန်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုး ခြင်းအတွက်ချေးငွေများ ထောက်ပံ့ပေးအပ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧကသုံးသန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူပြည်တွင်းထုတ်ဝါများမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် ယခင်ကစိုက်ပျိုးခဲ့သည့် ဝါသီးနှံစိုက်ပျိုးဧရိယာပြည့် ဧကခုနစ်သိန်း ပြန်လည်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်တောင်သူများကို မျိုး၊ နည်းပညာ၊ သွင်းအားစုများ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)